News

POST TYPE

NEWS

ဘင်္ဂလားဒေ့ရှ်ဝယ်လက်ကြောင့် ကြက်သွန်နီဈေး ပြန်တက်
19-Sep-2020


ချောက်၊ စက်တင်ဘာ ၁၉

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ကြက်သွန်နီလိုအပ်ချက်ရှိလာသဖြင့် ကုန်စည်ဝယ်လိုအားမြင့်တက်လာခဲ့ရာ ဆိပ်ဖြူမြို့၌ လေးရက်အတွင်း ကြက်သွန်နီ တစ်ပိဿာလျှင် ကျပ်သုံးရာခန့်အထိ ဈေးတက်သွားခဲ့သည်ဟု ဒေသခံကြက်သွန်နီကုန်သည်များထံမှ သိရသည်။

တစ်ကျော့ပြန် ကိုဗစ်-၁၉ ရောဂါကူးစက်မှုများလာ၍ ဆိပ်ဖြူမြို့ရှိ ကြက်သွန်နီအဝယ်ဒိုင် စက်တင်ဘာလ ၁၃ ရက်နေ့မှစ၍ ပြန်လည်ပိတ်သိမ်းထားခဲ့ကြောင်း၊ စက်တင်ဘာ ၁၆ ရက်နေ့မှစ၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ကြက်သွန်နီပြန်လည်ဝယ်ယူလာသဖြင့် ဈေးပြန်တက်လာခြင်းဖြစ်သည်ဟု ၎င်းတို့က ပြောဆိုသည်။

"ဘင်္ဂလားဒေ့ရှ်မှာလည်း လိုအပ်ချက်တွေများနေတယ်။ အိန္ဒိယဘက်က မသွင်းဘူးဆိုတဲ့ အနေအထားမှာ ဘင်္ဂလားဒေ့ရှ်မှာပြတ်သွားတော့ လောလောဆယ်တော့ ဒီကကုန်ကို အစားထိုးဝင်ဖြည့်ပေးတာ။ ဒါကြောင့် ဈေးတက်လာတာ" ဟု ဆိပ်ဖြူမြို့မှ ကြက်သွန်နီကုန်သည် ဦးသိန်းဝင်းက ပြောဆိုသည်။

ဆိပ်ဖြူမြို့ခံကြက်သွန်နီကုန်သည်များက ကျေးရွာများရှိ ကြက်သွန်စိုက်တောင်သူများကို ဖုန်းဖြင့်ဆက်သွယ်ကာ ၎င်းတို့၏နေအိမ်များရှေ့တွင်ပင် အရောင်း အဝယ်ပြုလုပ်ခြင်းနှင့် ကျေးရွာများအထိဆင်းကာ ဝယ်ယူခြင်းတို့ကို လုပ်ဆောင်လျက်ရှိသည်။

ကြက်သွန်နီဈေးကွက်တည်ငြိမ်ခဲ့သော သြဂုတ်လနှင့် စက်တင်ဘာလပထမအပတ်အတွင်းက ဆိပ်ဖြူမြို့ ကြက်သွန်နီအဝယ်ကုန်စည်ဒိုင်ပေါက်ဈေးမှာ ကြက်သွန်နီ တစ်ပိဿာလျှင် လုံးကြီး ၄၂၅ ကျပ်၊ လုံးလတ် ၃၉၀ ကျပ်၊ လုံးသေး ၃၇၅ ကျပ် ပေါက်ဈေးရှိခဲ့ရာမှ စက်တင်ဘာလ ၁၆ ရက်နေ့မှစ၍ တစ်ရက်လျှင် ကြက်သွန်နီတစ်ပိဿာလျှင် ကျပ်တစ်ရာကျော် ဈေးတက်ခဲ့ရာ အမြင့်ဆုံးပေါက်ဈေးအနေနှင့် ၇၅၀ ကျပ်အထိ ပေါက်ဈေး ရောက်ရှိခဲ့သည်။

ရန်ကုန်ရှိကုမ္ပဏီများနှင့်ကုန်သည်များက ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့ရောင်းချရန် ဝယ်ယူလာခြင်းဖြစ်ပြီး ဆိပ်ဖြူမြို့မှ တစ်ရက်လျှင် ၁၀ ဘီး၊ ၁၂ ဘီးကား ငါးစီးမှ ၁၀ စီးအထိ တင်ပို့လျက်ရှိသည်ဟု ဆိပ်ဖြူမြို့ခံ ကြက်သွန်နီကုန်သည် ဦးသိန်းဝင်းက ထပ်မံပြောဆိုသည်။ 

R-11