News

POST TYPE

NEWS

ပင်စင်စားများကို Mobile Agent များတွင် ထုတ်ယူနိုင်ရန် ဆောင်ရွက်ထား
19-Sep-2020
ရန်ကုန်၊ စက်တင်ဘာ ၁၉

မြန်မာ့စီးပွားရေးဘဏ်များတွင် ပင်စင်လစာထုတ်ယူခြင်းများကို လစဉ်ရုံးဖွင့်ရက် ၂၁ ရက်နေ့ တစ်ရက်တည်းတွင်သာ စုပြုံထုတ်ယူရန် မလိုအပ်ဘဲ နီးစပ်ရာ Mobile Agent များတွင် ထုတ်ယူနိုင်ရန် ဆောင်ရွက်ပေးထားကြောင်း မြန်မာ့စီးပွားရေးဘဏ်ထံမှ သိရသည်။

ယင်းရုံးဖွင့်ရက် တစ်ရက်တည်းတွင်သာ စုပြုံထုတ်ယူရန်မလိုအပ်ဘဲ မိမိအဆင်ပြေမည့် အခြားဘဏ်ဖွင့်သည့်ရက်များတွင်လည်း လွယ်ကူအဆင်ပြေစွာ ထုတ်ယူနိုင်ရန် ဆောင်ရွက်ပေးထားပြီး ပင်စင်စားများသို့လည်း အသိပေးအကြောင်း ကြားထားပြီးဖြစ်ကြောင်း သိရသည်။

ပင်စင်လစာငွေများကို ဘဏ်တွင် ငွေစာရင်းဖွင့်လှစ်ထည့်သွင်း၍ လိုအပ်ချိန်တွင် ယင်းငွေစာရင်းမှ ထုတ်ယူခြင်းဖြင့်လည်းကောင်း၊ ATM စာရင်းဖွင့်လှစ်၍ ATM စက်များမှ ထုတ်ယူခြင်းဖြင့်လည်းကောင်း၊ Myanmar Mobile Money (MMM) စနစ်နှင့် Wave Moneyစနစ်တို့ကို အသုံးပြု၍လည်းကောင်း နီးစပ်ရာ Mobile Agent များတွင် ထုတ်ယူနိုင်ရန် ဆောင်ရွက်ပေးထားပြီးဖြစ်ကြောင်း သိရသည်။

ထို့ပြင် ပင်စင်စားများအနေဖြင့် Covid-19 ကူးစက်ရောဂါ ကာကွယ်နိုင်ရေးအတွက် သက်ဆိုင်ရာဘဏ်များတွင် မိမိတို့၏ ပင်စင်လစာငွေများကို လစဉ် ၂၁ ရက် တစ်ရက်တည်းတွင်သာ စုပြုံထုတ်ယူခြင်းအစား၊ လစဉ် ၂၁ ရက် နောက်ပိုင်းဘဏ်ဖွင့်သည့်ရက်များတွင်လည်း ထုတ်ယူခြင်းဖြင့်လည်းကောင်း၊ Mobile Money စနစ် အသုံးပြု၍ နီးစပ်ရာ Mobile Agent များတွင် ထုတ်ယူခြင်းတို့ဖြင့် လွယ်ကူအဆင်ပြေစွာ ထုတ်ယူကြရန် မြန်မာ့စီးပွားရေးဘဏ်က အသိပေးကြေညာထားသည်။

S-07