News

POST TYPE

NEWS

အမေရိကန်က ထိုင်ဝမ်သို့ စစ်လက်နက်တိုးမြှင့်ရောင်းချရန် စီစဉ်
17-Sep-2020
ဒုံးကျည်ကာကွယ်ရေး အခြေစိုက်စခန်းတစ်ခုသို့ သွားရောက်စစ်ဆေးခဲ့သည့် ထိုင်ဝမ်သမ္မတ ဆိုင်အင်းဝမ်ကို တွေ့ရစဉ်

ဝါရှင်တန်၊ စက်တင်ဘာ ၁၇

အမေရိကန်ပြည်ထောင်စုသည် ခရုဇ်ဒုံးကျည်များ၊ မောင်းသူမဲ့ ဒရုန်းများ၊ မိုင်းများအပါအဝင် အဓိကလက်နက်စနစ် ၇ မျိုးခန့်အထိ ထိုင်ဝမ်သို့ရောင်းချပေးရန် စီစဉ်နေကြောင်း ယင်းအရောင်းအဝယ်ဆွေးနွေးမှုနှင့် ဆက်စပ်သူလေးဦးက ပြောဆိုခဲ့ကြောင်း သတင်းများတွင်ဖော်ပြသည်။

လက်နက်စနစ် ခုနစ်မျိုးကို တစ်ကြိမ်တည်းနှင့် ရောင်းချပေးမှုမျိုးသည် ရှားရှားပါးပါးဖြစ်ပြီး အမေရိကန်စစ်တပ်အနေနှင့် ဘေဂျင်းနှင့် တင်းမာမှုအနည်းဆုံးဖြစ်စေရေးအတွက် ကျွန်းဒေသသို့ လက်နက်ရောင်းချမှုများကို ဂရုတစိုက် ချိန်ညှိလုပ်ဆောင်ခဲ့သည့် အစဉ်အလာမှ ခွဲထွက်လာမှုဖြစ်သည်။

ထရမ့်အစိုးရအဖွဲ့သည် ၂၀၂၀ ပြည့်နှစ်တွင် တရုတ်နှင့် ပိုမိုရန်စောင်မှုများရှိလာခဲ့ပြီး သူလျှိုလုပ်မှု စွပ်စွဲချက်များ၊ ဆက်ဖြစ်နေသော ကုန်သွယ်ရေးစစ်ပွဲ၊ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုအပေါ် အငြင်းပွားမှုများနှင့်အတူ ယခုလက်နက် ရောင်းချမှုအစီအစဉ်ကြောင့် ဘေဂျင်းနှင့် ဝါရှင်တန်အကြား ဆက်ဆံရေးမှာ ဆယ်စုနှစ်များစွာအတွင်း အနိမ့်ဆုံးအနေအထားသို့ ကျဆင်းသွားနိုင်သည်။

တစ်ချိန်တည်းမှာပင် သမ္မတ ဆိုင်အင်းဝမ် ဇန်နဝါရီလရွေးကောက်ပွဲတွင် ပြန်လည်ရွေးကောက်ခံခဲ့ရပြီး ထိုင်ဝမ်၏ ကာကွယ်ရေးအင်အားတောင့်တင်းရေးကို ထိပ်တန်းဦးစားပေးသတ်မှတ်ခဲ့ပြီးနောက် ထိုင်ဝမ်သည် လက်နက်များတိုးမြှင့် ဝယ်ယူရန်ဆန္ဒရှိလာခဲ့သည်။

ထိုင်ဝမ်အရေးသည် တရုတ်အတွက် အထိရှလွယ်ဆုံး ပိုင်နက်ပြဿနာတစ်ခုဖြစ်နေသည်။ ထိုင်ဝမ်သည် တရုတ်၏ပြည်နယ်တစ်ခုဖြစ်ကြောင်း ဘေဂျင်းက ပြောဆိုထားကာ ကျွန်းဒေသအပေါ် အမေရိက၏ ထောက်ခံပံ့ပိုးမှုများကို ရှုတ်ချဝေဖန်ခဲ့သည်။  

ဒေသတွင်း ဘေဂျင်း၏ စစ်ရေးရန်လိုမှုများ တိုးလာမှုကြောင့် ဝါရှင်တန်သည် ပင်တဂွန်စစ်ဌာနချုပ်အတွင်း 'ထိုင်ဝမ်ခံတပ်'ဟု သိကြသော အားထုတ်မှုကိုအခြေခံကာ တရုတ်တပ်များနှင့်ဟန်ချက်ညီစေမည့် စစ်တပ်တစ်ခုဖန်တီးပေးရန် စိတ်အားထက်သန်နေခဲ့သည်။

ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီးဌာနက ပြောဆိုရာတွင်မှု ယခုသတင်းသည် မီဒီယာ၏ ယူဆချက်သာဖြစ်ပါကြောင်းနှင့် ယခုကဲ့သို့ လက်နက်ဝယ်ယူရေး ဆွေးနွေးပြောဆိုမှုများ၊ အကဲဖြတ်မှုများအား လျှို့ဝှက်နည်းလမ်းဖြင့် ကိုင်တွယ်ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ ယင်းအတွက်ကြောင့် မည်သည့်လက်နက်ရောင်းချမှုမျိုးမဆို ကွန်ဂရက်သို့ အမေရိကန်၏ တရားဝင်အကြောင်းကြားမှုမရှိသေးသရွေ့ ယင်းကိစ္စအပေါ် လူသိရှင်ကြား မှတ်ချက်မပေးနိုင်ပါကြောင်း ဆိုခဲ့သည်။

Lockheed Martin ၊ Boeing နှင့် General Atomics ကုမ္ပဏီများမှ လက်နက်အရောင်းအဝယ်များသည် ပို့ကုန်လုပ်ငန်းစဉ်အရ ဆောင်ရွက်ခြင်းဖြစ်ကြောင်း အစိုးရအဖွဲ့၏ ယင်းအရောင်းအဝယ် ကိစ္စနှင့် နီးစပ်သူသုံးဦးက ပြောဆိုခဲ့ပြီး သီတင်းပတ်အနည်းငယ်အတွင်း ကွန်ဂရက်သို့ အသိပေးအကြောင်းကြားနိုင်သည်ဟု မျှော်လင့်ထားကြောင်းဆိုခဲ့သည်။ 

F-04