News

POST TYPE

NEWS

သဘာဝပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာစီမံခန့်ခွဲမှု မူဘောင်နှင့်ပတ်သက်၍ လူထုသဘောထားရယူ
17-Sep-2020
ရန်ကုန်၊ စက်တင်ဘာ ၁၇

မြန်မာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးမွေးမြူရေးစနစ် ဖွံ့ဖြိုးရေးစီမံကိန်း (NFASP) ၏ သဘာဝပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာစီမံခန့်ခွဲမှု မူဘောင်နှင့်ပတ်သက်၍ လူထု၏သဘောထားရယူသည့် တွေ့ဆုံဆွေးနွေးပွဲအစီအစဉ်ကို စက်တင်ဘာလ ၁၅ ရက်နေ့က အွန်လိုင်းစနစ်ဖြင့် ပြုလုပ်ခဲ့ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနထံမှ သိရသည်။

ကမ္ဘာ့ဘဏ်ချေးငွေ အမေရိကန် ဒေါ်လာသန်း ၂၀ဝ ဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်မည့် NFASP စီမံကိန်းကို စိုက်ပျိုးရေးဂေဟဇုန်အလိုက် စိုက်ပျိုးထုတ်လုပ်မှုများ တိုးတက်လာစေရန်နှင့် သီးနှံအမယ်စုံ ပိုမိုစိုက်ပျိုး နိုင်စေရန်၊ တန်ဖိုးကွင်းဆက်တစ်လျှောက် ဖွံ့ဖြိုးတိုးတက်စေခြင်းဖြင့် အရည်အသွေးကောင်းမွန်သည့် စိုက်ပျိုးရေးထုတ်ကုန်များ ပိုမိုထုတ်လုပ်နိုင်ပြီး ဈေးကွက်ခိုင်မာလာစေရန်၊ ဖြစ်ပေါ်လာသည့် အရေးပေါ်အခြေအနေများနှင့် ဘေးဒုက္ခများကို သင့်လျော်စွာတုံ့ပြန်ဆောင်ရွက်နိုင်ရန် ရည်ရွယ် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါစီမံကိန်းအတွက် သဘာဝပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာစီမံခန့်ခွဲမှု မူဘောင်နှင့်ပတ်သက်၍ လူထု၏သဘောထားရယူနိုင်ရန် စက်တင်ဘာလ ၁၅ ရက် မှ ၂၅ ရက်နေ့အထိ ၇ ကြိမ်ခွဲ၍ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် အွန်လိုင်းစနစ်ဖြင့် ဆွေးနွေးဆောင်ရွက်သွားမည်ဖြစ်သည်။

စက်တင်ဘာလ ၁၅ ရက်နေ့က ပြုလုပ်သည့် ဆွေးနွေးပွဲတွင် နေပြည်တော် နှင့် ရှမ်းပြည်နယ်တို့မှ ပါဝင်ဆွေးနွေးခဲ့ပြီး စက်တင်ဘာ ၁၇ ရက်နေ့တွင် ရန်ကုန်တိုင်းနှင့် ပဲခူးတိုင်း၊ စက်တင်ဘာ ၂၁ ရက်နေ့တွင် မကွေးတိုင်းဒေသကြီးနှင့် ကယားပြည်နယ်၊ စက်တင်ဘာ ၂၂ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်၊ စက်တင်ဘာ ၂၃ ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်၊ စက်တင်ဘာ ၂၄ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်၊ စက်တင်ဘာ ၂၅ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီးတို့နှင့် ဆက်လက်ဆွေးနွေးသွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနထံမှ သိရသည်။          
S-07