News

POST TYPE

NEWS

ကိုဗစ်-၁၉ လူနာများသာထားရှိမည့် ဒုတိယမြောက်ဆေးရုံကို မန္တလေးမြို့တွင် ထပ်မံဖွင့်လှစ်
17-Sep-2020


မန္တလေး၊ စက်တင်ဘာ ၁၇

ကိုဗစ်-၁၉ အတည်ပြုလူနာများထားရှိရန် ဒုတိယမြောက်ထပ်မံဖွင့်လှစ်ခဲ့သည့် ခုတင် ၃၀ဝ ဆံ့ သင်ကြားရေးဆေးရုံတွင် စက်တင်ဘာလ ၁၆ ရက် ညနေပိုင်းမှစတင်၍ အတည်ပြုလူနာနှစ်ဦးကို ကန်တော်နဒီဆေးရုံမှ လွှဲပြောင်းလက်ခံထားပြီဟု ဆေးရုံအုပ်ကြီး ဒေါက်တာဝေဝေဦးက ပြောကြားသည်။

မန္တလေးမြို့တွင် အတည်ပြုလူနာများကိုသာ လက်ခံကုသစောင့်ရှောက်မှု ပေးနေသော ကန်တော်နဒီဆေးရုံ၌ လက်ခံကုသပေးနိုင်သော အတိုင်းအတာကို ကျော်လွန်သွားခဲ့ပါက ခုတင် ၃၀ဝ ဆံ့ သင်ကြားရေးဆေးရုံ၌ ပိုးတွေ့လူနာများကို လက်ခံထားရှိ စောင့်ရှောက်နိုင်ရန် ကုသရေးဦးစီးဌာနက ညွှန်ကြားထားပြီးဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

ခုတင် ၃၀ဝ ဆံ့သင်ကြားရေးဆေးရုံသည် အထွေထွေရောဂါကုဆေးရုံကြီး တစ်ခုဖြစ်သောကြောင့် တက်ရောက်ကုသလျက်ရှိသည့် လူနာများအနက်မှ သက်သာလာသည့် လူနာအချို့ကို ဆေးရုံဆင်းခွင့်ပြုခဲ့သလို လူနာအချို့ကိုလည်း သက်ဆိုင်ရာဆေးရုံများသို့ လွန်ခဲ့သည့်သုံးရက်မှစ၍ လွှဲပြောင်းပေးခဲ့ပြီးဖြစ်ကြောင်းလည်း ဒေါက်တာဝေဝေဦးက ဆက်လက်ပြောဆိုသည်။

"ကန်တော်နဒီဆေးရုံမှာ ICU အခန်းက အဆင်သင့်ရှိပြီးဖြစ်တာကြောင့် ICU Care (အထူးကြပ်မတ်စောင့်ရှောက်ကုသဖို့) လိုအပ်တဲ့လူနာတွေကို ကန်တော်နဒီမှာပဲ လက်ခံကုသမှာဖြစ်တယ်။ ခုတင် ၃၀ဝ မှာ ICU အဆင့် အတည်ပြုလူနာတွေကို  ကုသစောင့်ရှောက်ပေးနိုင်ဖို့ ပြင်ဆင်နေတုန်းပဲ ဖြစ်ပါတယ်၊ ICU ခုတင် လေးလုံးထားဖို့ ပြင်ဆင်ထားပါတယ်၊ ကန်တော်နဒီမှာ ICU လူနာ လက်ခံနိုင်တာထက် ကျော်လွန်သွားရင် ခုတင် ၃၀ဝ မှာ ICU လူနာတွေကို လက်ခံကုသဖို့ ပြင်ဆင်ထားတယ်" ဟု ၎င်းက ထပ်မံပြောဆိုသည်။

ခုတင် ၃၀ဝ ဆံ့ သင်ကြားရေးဆေးရုံ၌ လူနာဦးရေ ၅၀ ဦးကို ကနဦးအနေနှင့် စတင်လက်ခံမည်ဖြစ်ပြီး ပိုးတွေ့လူနာတွေ့ရှိမှု များပြားလာခဲ့ပါက နောက်ထပ် လူနာ ၅၀ ဦး ထပ်မံလက်ခံကုသ စောင့်ရှောက်မှုပေးနိုင်ရန် လူနာ ၁၀ဝ စာ အတွက် တိုးချဲ့ဆောက်မည်ဖြစ်ကြောင်း  ယင်းဆေးရုံထံမှ သိရသည်။ 

ခုတင် ၃၀ဝ ဆံ့ သင်ကြားရေးဆေးရုံ ၌ ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုပြီး ကျန်းမာရေးအနေအထား ကောင်းမွန်သောသူများကို ကနဦး လက်ခံစောင့်ရှောက်ကုသပေးသွားမည်ဖြစ်သည်။

ယင်းဆေးရုံရှိ ဆရာဝန်၊ သူနာပြု၊ အထူးကုဆရာဝန်များနှင့် ဆေးရုံဝန်ထမ်းများကို အုပ်စုလေးခုခွဲ၍ အုပ်စုတစ်စုလျှင် ရက်သတ္တပတ်တစ်ပတ်နှုန်းဖြင့် လူနာများကို ကုသပေးသွားရန်ရည်ရွယ်ထားကြောင်း ဒေါက်တာဝေဝေဦးက ထပ်မံရှင်းပြသည်။

"ပိုးတွေ့လူနာတွေ ကျန်းကျန်းမာမာနဲ့ အမြန်ဆုံး ဆေးရုံကဆင်းနိုင်ဖို့နဲ့ ဝန်ထမ်းတွေ ဘေးကင်းလုံခြုံဖို့ ရည်ရွယ်ပါတယ်" ဟု ၎င်းကပြောဆိုသည်။

မန္တလေးမြို့၌ ကိုဗစ်-၁၉ အတည်ပြုလူနာများအတွက် ပထမဆုံးကုသရေးဆေးရုံအဖြစ် ဖော်ဆောင်ခဲ့သောဆေးရုံမှာ ကန်တော်နဒီဆေးရုံဖြစ်ပြီး မတ်လ ၂၇ ရက်နေ့ကထုတ်ပြန်ခဲ့သည့် မန္တလေးတိုင်း၏ ပထမဆုံးအတည်ပြုလူနာအမှတ် ဝ၀၄ မှစတင်၍ ဓာတ်ခွဲအတည်ပြု လူနာများကိုသာ လက်ခံကုသပေးခဲ့ခြင်းဖြစ်သည်။  

မန္တလေးတိုင်းတွင် အတည်ပြုလူနာ ၁၃၀ ဦးကျော်ရှိပြီး ကန်တော်နဒီဆေးရုံ၌ လတ်တလောတက်ရောက်နေသူ ၅၄ ဦးရှိကြောင်း မန္တလေးတိုင်း အစိုးရ အဖွဲ့ထံမှသိရသည်။  

ဘုန်းမြတ်