News

POST TYPE

NEWS

မန္တလေးရှိဈေးများတွင် နှာခေါင်းစည်းမတပ်သည့် ဈေးသည်၊ ဈေးဝယ် ၃၀ဝ နီးပါးကို အရေးယူ
16-Sep-2020
မန္တလေး၊ စက်တင်ဘာ ၁၆

မန္တလေးမြို့တော်ရှိဈေးများတွင် နှာခေါင်းစည်းမတပ်ဘဲ ဈေးရောင်း၊ ဈေးဝယ်ပြုလုပ်နေသူ ၃၀ဝ နီးပါးကို အရေးယူခဲ့ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီထံမှ သိရ သည်။ 

ကိုဗစ်-၁၉ ရောဂါကို ကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် ဈေးသည်များနှင့် ဈေးဝယ်များ နှာခေါင်းစည်း တပ်ဆင်ကြရန် ညွှန်ကြားထားရာ စည်းကမ်း မလိုက်နာသည့် ဈေးသည်နှင့် ဈေးဝယ်များကို Mask နှစ်ခုကို ၅၀ဝ၀ ကျပ်ဖြင့် ပေးဝယ်စေသည့်နည်းလမ်းဖြင့် အရေးယူခဲ့ကြောင်း စည်ပင်ကော်မတီဝင် ဦးကျော်ဆန်းမြင့်က ပြောကြားသည်။

"Mask တပ်ရတာ ဝန်လေးတာတော့မှန်ပါတယ်။ ဒါပေမဲ့ ရောဂါအခြေအနေက ဆိုးရွားပြီးတော့ပျံ့နှံ့မှုအား ကောင်းတဲ့ အနေအထားမျိုးရှိနေသေးတာကြောင့်မို့လို့ ဝန်မလေးဘဲနဲ့ မဖြစ်မနေတပ်ကြဖို့ တိုက်တွန်းချင်ပါတယ်" ဟု ၎င်းက ပြောဆိုသည်။ 

စက်တင်ဘာလ ၁၅ ရက်နေ့ထိ Mask မတပ်ဘဲဈေးရောင်းချသည့် ဈေးသည် ၂၃၁ ဦး၊ ဈေးဝယ် ၅၉ ဦးကို အရေးယူခဲ့ခြင်း ဖြစ်ကြောင်း၊ ဈေးချိုအနီး ရွှေတချောင်းဘေး ပျံကျဈေးတန်းနှင့် သီရိမာလာသားငါးဈေးတွင် အများဆုံး အရေးယူခဲ့ရကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။ 

မန္တလေးတိုင်းအတွင်း Covid-19 ရောဂါကူးစက်ပြန့်ပွားမှု ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် အိမ်အပြင် ထွက်၍ သွားလာသူများ မဖြစ်မနေ Mask ကို စနစ်တကျ တပ်ဆင်ကြရန် မန္တလေးတိုင်းအစိုးရက မေလကုန်ပိုင်းကတည်းက အမိန့်ထုတ်ပြန်ထားသည်။ 

လက်ရှိအချိန်တွင် Covid-19 ရောဂါကူးစက်ပြန့်ပွားမှုများ တစ်ကျော့ပြန် ဖြစ်ပွားနေရာ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ စက်တင်ဘာလ ၁၆ ရက်နေ့ နံနက်ပိုင်းထုတ်ပြန်ချက်များအရ မြန်မာနိုင်ငံတွင် အတည်ပြုလူနာ ၃၆၃၆ ဦးရှိပြီဖြစ်သည်။ 

ရတီ