News

POST TYPE

NEWS

အာရှတိုက်၏ ဒေသတွင်းစီးပွားရေးကျဆင်းမှု နှစ် ၆၀ အတွင်း ပထဆုံးအကြိမ်တွေ့ကြုံ
16-Sep-2020
လေးလတာကာလ ဒေသတွင်းစီးပွားရေးအခြေအနေ ပြုတ်ကျလာမှုအပေါ် အခြေခံတွက်ချက်ခြင်းဖြစ်သည်

မနီလာ၊ စက်တင်ဘာ ၁၅

အာရှတိုက်၏ ဒေသတွင်းဖွံဖြိုးဆဲ စီးပွားရေးအခြေအနေမှာ ကမ္ဘာ့ကပ်ရောဂါ Covid-19 ကြောင့် ဆယ်စုနှစ်ခြောက်ခုအတွင်း ပထမဆုံးအကြိမ်အဖြစ် စီးပွားရေးကျဆင်းမှုနှင့် ရင်ဆိုင်နေရကြောင်း အာရှဖွံ့ဖြိုးရေးဘဏ် (ADB) က ပြောကြားသည်။

ဖွံဖြိုးဆဲ အာရှဒေသစီးပွားရေးမှာ ၂၀၂၀ ပြည့်နှစ်တွင် သုညဒသမ ၇ ရာခိုင်နှုန်းခန့် အားနည်းသွားမည်ဖြစ်ကြောင်း ADB က ခန့်မှန်းထားသည်။

သို့ရာတွင် လာမည့် ၂၀၂၁ ခုနှစ်တွင်မူ ပြန်လည်အားကောင်းလာပြီး ၆ ဒသမ ၈ ရာနှုန်းခန့် စီးပွားရေးဖွံ့ဖြိုးလာဖွယ်ရှိကြောင်း ယူဆရသည်။

ယခုတွက်ချက်မှုမှာ လေးလတာကာလ ဒေသတွင်းစီးပွားရေးအခြေအနေ ပြုတ်ကျလာမှုအပေါ် အခြေခံထားခြင်းဖြစ်ကြောင်း အာရှဖွံ့ဖြိုးရေးဘဏ်ထံမှ သိရသည်။

အာရှဒေသတွင်း ဂျီဒီပီတိုးနှုန်းမှာလည်း ၂၀၂၀ ပြည့်နှစ်တွင် သုညဒသမ ၁ ရာခိုင်နှုန်းသို့ ကျဆင်းသွားသည်။

“၂၀၂၀ ရဲ့ ကျန်ရှိတဲ့လတွေမှာလည်း အာရှပစိဖိတ်ဒေသမှာ စီးပွားရေးအများစုက တိုးတက်ဖို့ ခက်ခဲနေမယ်လို့ မျှော်လင့်ရတယ်”ဟု အာရှဖွံ့ဖြိုးရေးဘဏ် စီးပွားရေးပညာဆိုင်ရာ အရာရှိချုပ်ယာဆုယုကီ ဆာဝါဒက ပြောကြားသည်။

အာရှဖွံ့ဖြိုးရေးဘဏ် သုံးသပ်ချက်ကဲ့သို့ပင်  အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ကလည်း ယခုနှစ်အစောပိုင်းက ခန့်မှန်းချက်ထုတ်ပြန်ခဲ့ဖူးသည်။

ယခုအခါ တရုတ်နိုင်ငံသည် စီးပွားရေးဖွံ့ဖြိုးမှု အရှိန်ပြန်လည်ကောင်းမွန်လာသော်လည်း တောင်အာရှဒေသမှာမူ စီးပွားရေးကျဆင်းမှု ရိုက်ခတ်သည့်ဒဏ်ကို ဆိုးဆိုးရွားရွားခံစားနေရသည်။

အိန္ဒိယနိုင်ငံ၏ စီးပွားရေးမှာ ယခုနှစ်တွင် ၉ ရာခိုင်နှုန်းခန့်ကျုံ့ဝင်သွားပြီး တရုတ်နိုင်ငံမှာ ၁ ဒသမ ၈ ရာခိုင်နှုန်း တိုးတက်လာသည်။ 

အလားတူပင် အရှေ့တောင်အာရှဒေသမှာလည်း စီးပွားရေး ၃ ဒသမ ၈ ရာခိုင်နှုန်းကျဆင်းကြောင်း ခန့်မှန်းထားသည်။

ခရီးသွားလုပ်ငန်းအပေါ် မှီခိုနေရသည့် ကျွန်းစုနိုင်ငံများမှာလည်း စီးပွားရေးကျဆင်းမှုများနှင့် ရင်ဆိုင်နေရပြီး ဖီဂျီမှာ ၁၉ ဒသမ ၅ ရာခိုင်နှုန်းနှင့် မော်လ်ဒိုက်မှာ ၂၀ ဒသမ ၅ ရာခိုင်နှုန်း စီးပွားရေးကျဆင်းခဲ့သည်။

ထို့ပြင် ကာလရှည်ဖြစ်ပေါ်နေနိုင်သည့် ကမ္ဘာ့ကပ်ရောဂါနှင့် ရောဂါဖြစ်ပွားမှုအပေါ် ထိန်းချုပ်ကန့်သတ်မှုများကြောင့် စီးပွားရေးနာလန်ထူရန် နှောင့် နှေးစေနိုင်ကြောင်း အာရှဖွံဖြိုးရေးဘဏ် (ADB) က သတိပေးထားသည်။  

F-03