News

POST TYPE

NEWS

ရာသီဥတုပြောင်းလဲခြင်းနှင့်ပတ်သက်သည့် စိုးရိမ်ပူပန်မှုများကို ဒေါ်နယ်ထရမ့်ပယ်ချ
16-Sep-2020
ကယ်လီဖိုးနီးယား တောမီးလောင်ကျွမ်းမှုနှင့်ပတ်သက်၍ ယင်းဒေသသို့သွားရောက်စဉ် ဒေသအာဏာပိုင်များနှင့် အစည်းအဝေးပြုလုပ်ခဲ့သည်

မက်ကလဲလန်ပတ်ခ်၊ စက်တင်ဘာ ၁၅

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကမ္ဘာကြီးပူနွေးလာမှုသည် သဘာဝအတိုင်း ပြန်လည်လျော့ကျသွားမည်ဟု ယူဆထားပြီး အမေရိကအနောက်ဘက်ခြမ်း တောမီးလောင်ကျွမ်းမှုကြောင့် ရာသီဥတုပြောင်းလဲမှုများ ဖြစ်ပေါ်လာရသည် ဆိုသည်ကိုလည်း ပယ်ချလိုက်သည်။

ကယ်လီဖိုးနီးယား တောမီးလောင်ကျွမ်းမှုနှင့်ပတ်သက်၍ ယင်းဒေသသို့သွားရောက်စဉ် ဒေသအာဏာပိုင်များနှင့် အစည်းအဝေးပြုလုပ်ကာ ယင်းကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်သည်။

ယခုနှစ်နွေရာသီအစမှစ၍ တောမီးကြောင့် အနည်းဆုံးလူ ၃၅ ဦးသေဆုံးခဲ့ရပြီး အားကောင်းသည့် မီးတောက်များကြောင့် ရာသီဥတုဖောက်ပြန်လာမှုအပေါ် ပြည်နယ်အစိုးရအရာရှိများ၏ စိုးရိမ်ပူပန်မှုကို  ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေး ခရီးစဉ်အတွင်း ကယ်လီဖိုးနီးယားပြည်နယ်မြို့တော် စခရာမန်တိုသို့ သွားရောက်၍ ထရမ့်က ရှင်းလင်းပြောကြားသည်။

“ခင်ဗျားတို့ကြည့်လိုက်ပါ။ အခုတဖြည်းဖြည်း စအေးလာပါပြီ” ဟု သမ္မတထရမ့်က ဆိုသည်။

ကယ်လီဖိုးနီးယားပြည်နယ် သဘာဝအရင်းအမြစ်များအေဂျင်စီ အကြီးအကဲ ဝိတ်ခရိုးဖုဒ်က “သိပ္ပံပညာကလည်း ခင်ဗျားယူဆချက်ကို လက်ခံနိုင်ပါစေလို့ ကျွန်တော်ဆန္ဒပြုပါတယ်” ဟု ဒေါ်နယ်ထရမ့်ကို တုံ့ပြန်ပြောဆိုသည်။

သစ်တောဧရိယာများ၌ တောမီးလောင်ကျွမ်းမှု အားနည်းစေရန် လုပ်ဆောင်ချက်များ မလုံလောက်၍ဖြစ်ကြောင်း ထရမ့်က ၎င်း၏ခရီးစဉ်အတွင် ထပ်မံ ပြောကြားသည်။

“သစ်တောဧရိယာစီမံခန့်ခွဲမှု အားကောင်းခိုင်မာဖို့လိုတယ်”ဟု ၎င်းကဆိုသည်။

သစ်တောဖြစ်စဉ်များအပေါ် သုံးသပ်လိုက်ရာတွင် တိုတောင်းသည့်အချိန်ကာလ ၁၈ လအတွင်း သစ်ပင်လဲပြိုမှုများရှိကြောင်း၊ အဆိုပါသစ်ပင်များသည် ခြောက်သွေ့လာပြီး မီးခြစ်ဆံများသဖွယ်ဖြစ်လာကြကြောင်း သမ္မတထရမ့်က ဖြည့်စွက်ပြောဆိုသည်။

သမ္မတ ဒေါ်နယ်ထရမ့်၏ ယင်းပြောဆိုချက်များ ထွက်ပေါ်လာအပြီး၌ ပြိုင်ဘက်ဒီမိုကရက်တစ်သမ္မတလောင်း ဂျိုးဘိုင်ဒန် က ထရမ့်မှာ လာမည့်ရွေးကောက်ပွဲတွင် သဘာဝပတ်ဝန်းကျင်အတွက် ကပ်ဆိုးကြီးဖြစ်စေမည့်သူပင်ဖြစ်ပြီး သဘာဝပတ်ဝန်းကျင်ကို ဖျက်ဆီးမည့်သူဖြစ်ကြောင်း ပြစ်တင်ပြောကြားသည်။

“ရာသီဥတုဖောက်ပြန်မှုကို အားပေးသူတစ်ယောက်ကို နောက်ထပ်လေးနှစ် အိမ်ဖြူတော်မှာ ဆက်ရှိခွင့်ပေးလိုက်မယ်ဆိုရင် အမေရိကရဲ့ ပိုမိုလောင်ကျွမ်းမှုတွေအတွက် အံ့အားသင့်စရာမရှိပါဘူး” ဟု ဂျိုးဘိုင်ဒန်က ပြောဆိုသည်။

“ကျွန်တော်တို့လိုအပ်နေတာက သိပ္ပံပညာကို လေးစားတန်ဖိုးထားတဲ့၊ ရာသီဥတုပြောင်းလဲမှုတွေ ရှိနေတဲ့အတွက် ပျက်စီးမှုတွေ ဖြစ်နေတယ်ဆိုတာကို နားလည်တဲ့သမ္မတတစ်ယောက်ပါ ” ဟု ၎င်းကဆိုသည်။

ကယ်လီဖိုးနီးယား၊ အော်ရီဂွန်နှင့် ဝါရှင်တန်ပြည်နယ်တို့တွင် လောင်ကျွမ်းခဲ့သည့် တောမီးများကြောင့် သစ်တော ဧရိယာဧကငါးသန်းခန့် ပျက်စီးခဲ့ပြီး နယူးဂျာစီပြည်နယ်တွင်လည်း တောမီးကြောင့် သေဆုံးမှုများမြင့်တက်လာမည်ကို စိုးရိမ်နေရသည်။

F-03