News

POST TYPE

NEWS

အစ္စရေးနှင့် ပုံမှန်ဆက်ဆံရေးထူထောင်ခြင်းက ဘာရိန်းကို အီရန်ခြိမ်းခြောက်မှုရန်မှ အကာအကွယ်ဖြစ်မည်
16-Sep-2020
အစ္စရေးနိုင်ငံ နေတန်ယာမြို့တွင် အစ္စရေးနှင့် ဘာရိန်းနိုင်ငံတော်အလံများ လွှင့်ထူထားစဉ်

မနားမား၊ စက်တင်ဘာ ၁၅

အစ္စရေးနှင့် ပုံမှန်ဆက်ဆံရေးထူထောင်လိုက်ခြင်းအားဖြင့် ဆက်လက်ဖြစ်တည်နေသော အီရန်၏ခြိမ်းခြောက်များမှ ဘာရိန်းနိုင်ငံ အကျိုးစီးပွားကို အကာ အကွယ်ဖြစ်စေသကဲ့သို့ အမေရိကန်ပြည်ထောင်စုနှင့် မဟာဗျူဟာမိတ်ဖက်ပြုမှုကို ပိုမိုခိုင်မာစေကြောင်း ဘာရိန်းပြည်ထဲရေး ဝန်ကြီးက ပြောကြားကြောင်း ရိုက်တာ သတင်းဌာနက ရေးသားဖော်ပြသည်။

“ဒါဟာ ပါလက်စတိုင်းအရေးကိစ္စကို စွန့်ခွာခဲ့ခြင်းမဟုတ်ဘဲ ဘာရိန်းနိုင်ငံရဲ့ လုံခြုံရေးနဲ့ သူတို့ရဲ့စီးပွားရေးတည်ငြိမ်မှုကို ပိုမိုအားကောင်းစေဖို့ပါ” ဟု ပြည်ထဲရေးဝန်ကြီး ရာရှစ်ဘင်အဗ္ဗဒူလာအယ်ခါလီဖာ ကထုတ်ပြန်ချက်တွင် ပြောဆိုခဲ့သည်။

အစ္စရေးနိုင်ငံနှင့် ပုံမှန်ဆက်ဆံရေး ထူထောင်မည်ဟု ဘာရိန်းက သောကြာနေ့တွင် ထုတ်ဖော်ပြောဆိုခဲ့ကာ လွန်ခဲ့သောတစ်လခန့်က အလားတူကြေညာခဲ့သည့် အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး)၏ လမ်းကြောင်းအတိုင်း လိုက်ပါခဲ့သည်။ ယင်းသို့ဆုံးဖြတ်ခဲ့ရခြင်းများမှာ အီရန်အပေါ် စိုးရွံ့မှုများကြောင့် တစ်စိတ်တစ်ပိုင်းအားဖြင့် ပါဝင်ခဲ့သည်။

“အီရန်ဟာ ပုံစံမျိုးစုံနဲ့လွှမ်းမိုးမယ့် လမ်းကြောင်းကို ရွေးချယ်ခဲ့ပြီး ကျွန်ုပ်တို့ရဲ့ ပြည်တွင်းလုံခြုံရေးကို ထိခိုက်စေမယ့် ခိုင်မြဲသော အန္တရာယ်တစ်ခုဖြစ်လာပါတယ်” ဟု ခါလီဖာက ပြောဆိုခဲ့ကာ အန္တရာယ်များမှ ကြိုတင်ရှောင်ရှားခြင်းသည် ပညာရှိရာရောက်သည်ဟု ဆိုသည်။

ပင်လယ်ကွေ့နိုင်ငံငယ်လေး ဘာရိန်းသည် အမေရိကန်ပြည်ထောင်စု၏ အမှတ် ၅ ရေတပ်သင်္ဘောစု အခြေစိုက်ရာနိုင်ငံဖြစ်ပြီး ဆွန်နီမွတ်စလင် အယ်ခါလီဖာ မိသားစုကအုပ်စိုးသည်။ 

ရှီယိုက်မွတ်စလင် ခေါင်းဆောင်ပိုင်း အုပ်ချုပ်သော အီရန်သည် ဘာရိန်းကိုချေမှုန်းရန် ကြိုးပမ်းနေသည်ဟု ဘာရိန်းအစိုးရက မကြာခဏစွပ်စွဲလေ့ရှိသည်။

ဘာရိန်းသည် ၂၀၁၁ ခုနှစ် လူထု အုံကြွမှုကြီးပြီးကတည်းက မတည်ငြိမ်မှုများကို ဆက်လက်ရင်ဆိုင်နေရကာ နိုင်ငံ၏ဘဏ္ဍာရေးလိုငွေပြမှုကို လျှော့ချနိုင်ရန် အပတ်တကုတ်ကြိုးပမ်းနေရသည်။ 

အစိုးရသည် ချေးငွေအကျပ်အတည်းကို ရှောင်လွှဲနိုင်ရန်အတွက် ၂၀၁၈ ခုနှစ်တွင် ချမ်းသာသော ပင်လယ်ကွေ့ အိမ်နီးချင်းနိုင်ငံများထံမှ ကန်ဒေါ်လာ ၁၀ ဘီလံယံ ထောက်ပံ့ရေးအစီအစဉ်ဖြင့် ကယ်တင်ခဲ့ရသည်။ 

ဘာရိန်း၏ ဘဏ္ဍာရေးလိုငွေပြမှုသည် ၂၀၁၉ ခုနှစ်တွင် ၁၀ ဒသမ ၆ ရာခိုင်နှုန်းရှိခဲ့ရာမှ ယခုနှစ်တွင် စုစုပေါင်း ပြည်တွင်းထုတ်ကုန်၏ ၁၅ ဒသမ ၇ ရာခိုင်နှုန်းအထိ ခုန်တက်သွားနိုင်သည်ဟု အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့က မျှော်မှန်းထားသည်။

ဘာရိန်းနှင့် အစ္စရေး ကာကွယ်ရေးဝန်ကြီးများသည် တနင်္လာနေ့တွင် ပထမဆုံးအကြိမ် လူသိရှင်ကြား အသိအမှတ်ပြု ဖုန်းဆက်သွယ်မှုလုပ်ခဲ့သကဲ့သို့ အခြားဝန်ကြီးနှစ်ဦးသည်လည်း နှစ်နိုင်ငံအကြား ဖြစ်နိုင်ဖွယ် စီးပွားရေးဆိုင်ရာများကို သီးခြားဆွေးနွေးမှုလုပ်ခဲ့သည်။ 

F-04