News

POST TYPE

NEWS

ပြန်ပေးဆွဲလုပ်ရပ်များအတွက် ကိုလံဘီယာ FARC သူပုန်တပ်မှူးဟောင်းများ ဝန်ချတောင်းပန်
16-Sep-2020
FARC သူပုန်တပ်ဖွဲ့ဝင်အချို့ကို ၂၀၁၆ ခုနှစ်က တွေ့ရစဉ်

ဘိုဂေါ့တာ၊ စက်တင်ဘာ ၁၅

တိုင်းပြည်၏ လက်နက်ကိုင်ပဋိပက္ခကာလအတွင်း ပြောက်ကြားသူပုန်အဖွဲ့က ကျူးလွန်ခဲ့သော ပြန်ပေးဆွဲမှုများအတွက် ခွင့်လွှတ်ပါရန် ယခုအခါ အဖွဲ့ဖျက်သိမ်းလိုက်ပြီဖြစ်သည့် ကိုလံဘီယာ FARC သူပုန်တပ်မှူးဟောင်း ၈ ဦးက တနင်္လာနေ့တွင် ဝန်ချတောင်းပန်ခဲ့သည်ဟု သတင်းများကဖော်ပြသည်။ 

ကြီးလေးသောယင်းအမှားအတွက် နောင်တရမိကြောင်းလည်း ၎င်းတို့က ပြောဆိုသည်။

ဖျက်သိမ်းခဲ့သည့် ကိုလံဘီယာ တော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့ (FARC) နှင့် အစိုးရအကြား ၂၀၁၆ ခုနှစ်က ငြိမ်းချမ်းရေးသဘောတူညီချက် ရရှိခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ဝန်ချတောင်းပန်ခဲ့ခြင်းဖြစ်သည်။ 

အဖွဲ့၏တပ်မှူးအုပ်စုတွင် တီမိုချန်ကိုဟု လူသိများသည့်ခေါင်ဆောင်းဟောင်း ရိုဒရီဂိုလန်ဒိုနိုလည်း ပါဝင်ခဲ့ပြီး သူတို့လုပ်ခဲ့သော အမှားများအတွက် နားလည်ခွင့် လွှတ်ပေးပါရန်တောင်းပန်ခဲ့ကြသည်။

“ကျွန်ုပ်တို့ကြောင့် ထိခိုက်နစ်နာခဲ့ရသူများနဲ့ မိသားစုများအားလုံး ခွင့်လွှတ်ပေးကြပါရန် ကျွန်ုပ်တို့ရင်ထဲနှလုံးထဲမှ ဒီနေရာကနေ လူသိရှင်ကြား တောင်းပန် အပ်ပါတယ်”ဟု ယခုအခါ FARC နိုင်ငံရေးပါတီအဖွဲ့ဝင်များ ဖြစ်နေကြသော ၎င်းတို့က ပြောဆိုသည်။ 

ထို့ပြင် ပြန်ပေးဆွဲလုပ်ရပ်များသည် မိမိတို့လုံးဝတောင်းပန်ရမည့် အမှားကြီးဖြစ်ပါကြောင်းလည်း ၎င်းတို့ကဆိုခဲ့သည်။

ဖျက်သိမ်းလိုက်ပြီဖြစ်သော ပျောက်ကြားသူပုန်အဖွဲ့သည် တိုင်းပြည်၏ နှစ် ၅၀ ကျော်ကြာ သူပုန်ထမှုအတွင်း အရပ်သားများ၊ စစ်သားနှင့် မိသားစုဝင် များပါဝင်သော လူထောင်နှင့်ချီ၍ ပြန်ပေးဆွဲခဲ့ကြကြောင်း ကိုလံဘီယာအစိုးရနှင့် လူ့အခွင့်အရေးအုပ်စုများက စွပ်စွဲထားသည်။ ယင်းလက်နက်ကိုင်ပဋိပက္ခအတွင်း သေဆုံးသူ ၂၆၀,ဝ၀ဝ ရှိခဲ့ကာ လူသန်းချီ နေရပ်စွန့်ခွာခဲ့ရသည်။

ပြန်ပေးဆွဲမှုများကို ရင်ဆိုင်ကြုံတွေ့ ခဲ့ရသူများအဖို့ နက်နက်ရှိုင်းရှိုင်း ထိခိုက်မှုဖြစ်ခဲ့ရကြောင်း FARC နိုင်ငံရေးပါတီ ဝင်များကဝန်ခံခဲ့ပြီး ၎င်းတို့၏ သားကောင်များအနေနှင့် ဂုဏ်သိက္ခာနှင့် လွတ်လပ်ခွင့် ဆုံးရှုံးစေခဲ့ကာ သူတို့အတွက် ယုံကြည်လက်ခံနိုင်မှုနှင့် တရားဝင်မှုများ ပျက်စီးခဲ့ရကြောင်း ဆိုခဲ့သည်။

တရားရုံးကြားနာမှုများ၌ ပဋိပက္ခကာလအတောအတွင်း ဖြစ်ပျက်ခဲ့သည်များကို သက်သေထွက်ဆိုရန်နှင့် ကိုလံဘီယာ လူ့အဖွဲ့အစည်းအား ရှင်းလင်း ချက်ပေးရန် ၎င်းတို့၏ကတိကဝတ်နှင့် ဆန္ဒရှိမှုကို FARC ခေါင်းဆောင်များက  ထပ်လောင်းပြောကြားသည်။

သူပုန်ခေါင်းဆောင်ဟောင်းများသည် ငြိမ်းချမ်းရေးအထူးတရားရုံးတွင် သက်သေထွက်ဆိုနေခဲ့ကြခြင်းဖြစ်သည်။ 

ယင်းတရားရုံးအား လွတ်လပ်စွာ စီရင်ခွင့်ကန့်သတ်ထားပြီး ကျူးလွန်ခဲ့သော အပြစ်များအတွက် ဝန်ခံထွက်ဆိုသူများကို ထောင်ဒဏ် ၅ နှစ်မှ ၈ နှစ်အကြား ပြစ်ဒဏ်သာပေးနိုင်မည်ဖြစ်သည်။ 

သို့သော် ၎င်းတို့၏အပြစ်များကို တာဝန်ခံထွက်ဆိုခြင်း မရှိသူများကိုမူ ထောင်ဒဏ် ၁၅ နှစ်မှ နှစ် ၂၀ အထိ ချမှတ်နိုင်မည်ဖြစ်သည်။ 

F-04