News

POST TYPE

NEWS

ပိုးတွေ့လူနာများနှင့်ထိတွေ့သူ သတင်းသမား ၁၅ ဦးကို နှာခေါင်းနှင့်အာခေါင်တို့ဖတ် ရယူစစ်ဆေး
16-Sep-2020
တောင်ငူ၊ စက်တင်ဘာ ၁၅

ကိုဗစ်-၁၉ ပိုးတွေ့လူနာနှင့်ထိတွေ့ ဆက်စပ်သူသတင်းသမား ၁၅ ဦးထံမှ နှာခေါင်းနှင့် အာခေါင်တို့ဖတ်နမူနာများ စက်တင်ဘာလ ၁၅ ရက်နေ့က ရယူစစ်ဆေးထားပြီဖြစ်ကြောင်း ကာယကံရှင်များထံမှ သိရသည်။

ပိုးတွေ့လူနာတစ်ဦးဖြစ်သည့် ယာဉ်မောင်းအမျိုးသားထံမှ သင်တန်းသား နှစ်ဦး ထပ်မံကူးစက်ခံခဲ့ရသည့်အတွက် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီမှ ကျင်းပသည့် ရွေးကောက်ပွဲဆိုင်ရာသတင်း ရေးသားနည်း သင်တန်းတက်ရောက်နေခဲ့ကြသူများထံမှ နှာခေါင်းနှင့်အာခေါင် တို့ဖတ်နမူနာများ ရယူစစ်ဆေးခဲ့ခြင်း ဖြစ်သည်။  

ယခုလ ၁၂ ရက်နေ့က ကိုဗစ်ပိုးတွေ့ လူနာကားဒရိုင်ဘာနှင့် ကားအတူစီးလာခဲ့သည့် သတင်းမီဒီယာကောင်စီမှ ဦးဇေယျာလှိုင်နှင့် ရွေးကောက်ပွဲဆိုင်ရာ သတင်းရေးသားနည်းသင်တန်းသားများ၊ သင်တန်းနည်းပြများ စုစုပေါင်း ၂၀ နီးပါးသည် ပြည်တက္ကသိုလ် FQ စခန်းနှင့် ဟိုတယ်၌ Quarantine ဝင်ပြီးနောက် နှစ်ရက်အကြာတွင် သင်တန်းစီစဉ်သည့် အဖွဲ့ဝင်တစ်ဦးနှင့် ပြင်ပမှ ဟောပြောသူ တစ်ဦးတို့တွင် ပိုးတွေ့ခဲ့သည့်အတွက် သင်တန်းသား ၁၅ ဦးကို ထပ်မံ၍ နှာခေါင်းတို့ဖတ်နှင့် အာခေါင်တို့ဖတ်နမူနာ ထပ်ယူခဲ့ခြင်းဖြစ်သည်ဟု သင်တန်းတာဝန်ခံ ဦးဇေယျာလှိုင်က ပြောကြားသည်။

“မနေ့(စက်တင်ဘာ၁၄)က FQ နေရတဲ့ ကျွန်တော်တို့ငါးယောက်ထဲက နှစ်ယောက်မှာ ပိုးတွေ့ထားတယ်။ အဲဒီနှစ်ယောက်က အထူးကြပ်မတ် ကုသဆောင်ကို ရွှေ့ပြီ။ ဒီနေ့(စက်တင်ဘာ၁၅) သင်တန်းသား ၁၅ ယောက်စလုံး တို့ဖတ်နမူနာရယူစစ်ဆေးတယ်”ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

ပြည်မြို့နယ် မင်္ဂလာဂါးဒင်းဟိုတယ်၌ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီနှင့် ANFREL အဖွဲ့တို့ ပူးပေါင်းစီစဉ်သည့် ရွေးကောက်ပွဲဆိုင်ရာ သတင်းရေးသား နည်းသင်တန်းဖွင့်ခဲ့ရာ သတင်းသမား၊ သင်တန်းနည်းပြချုပ်၊ လက်ထောက်နည်းပြ၊ ANFREL အဖွဲ့မှဝန်ထမ်းအချို့ စုစုပေါင်း အယောက်၂၀ ပါဝင်ခဲ့သည်ဟု လက်ထောက်နည်းပြဆရာတစ်ဦးထံမှ သိရသည်။          

R-02