News

POST TYPE

NEWS

မူဆယ်နယ်စပ်ဂိတ်တွင် ကုန်ကားများကို ပုံမှန်သွားလာခွင့်ပြု
16-Sep-2020

ရန်ကုန်၊ စက်တင်ဘာ ၁၅

တရုတ်နိုင်ငံ၊ ရွှေလီမြို့တွင် ဝင်ထွက်သွားလာခွင့်များ ရပ်ဆိုင်းထားပြီး Lockdown ပြုလုပ်ထားသော်လည်း မူဆယ်နယ်စပ်ဂိတ်တွင် ကုန်ကားများကိုမူ ပုံမှန်သွားလာခွင့်ပြုထားကြောင်း ကုန်သည်စက်မှုအသင်းချုပ်ထံမှ သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၂ ရက်နေ့တွင် တရုတ်နိုင်ငံ၊ ရွှေလီမြို့၌ ပိုးတွေ့လူနာတွေ့ရှိခဲ့၍ စက်တင်ဘာလ ၁၄ ရက်နေ့မှစ၍ ဆေးရုံနှင့် ဈေးဝယ်စင်တာမှလွဲ၍ ဝင်ထွက်သွားလာခွင့် ကန့်သတ်ထားပြီး Lockdown ပြုလုပ်ထားခြင်းဖြစ်သည်။

"နယ်စပ်ကုန်သွယ်ရေးဂိတ်တွေကတော့ ပုံမှန်ဖွင့်ထားတယ်။ ရွှေလီမြို့ Lockdown အခြေအနေကြောင့် ယာဉ်ဝင်ထွက်မှုက ရိုက်ခတ်မှုအခြေအနေကို ပြန်ပြောပေးပါ့မယ်။ ဖရဲကားတွေကတော့  ဝမ်တိန်ထဲကို ပုံမှန်အဝင်ရှိနေတာကို တွေ့ရတယ်" ဟု မူဆယ်မှ သစ်သီးကုန်သည် တစ်ဦးက ပြောကြားသည်။

ရွှေလီမြို့တွင် Lockdown ပြုလုပ်ထားပြီး ရောဂါပိုးစစ်ဆေးပြီးမှသာ ပြန်ဖွင့်ပေးမည်ဖြစ်ပြီး သီတင်းပတ်တစ်ပတ်ခန့်ကြာမြင့်မည်ဖြစ်ကာ မူဆယ်နယ်စပ်ဂိတ်တွင်မူ ကုန်ကားများကို ပုံမှန်သွားလာခွင့်ပြုထားပြီး ကြယ်ဂေါင်အထိဝင်ရောက် သွားလာနိုင်ကြောင်း ယင်းအသင်းချုပ်ထံမှ သိရသည်။

ထို့ပြင် တရုတ်နိုင်ငံဘက်က စက်တင်ဘာလ ၁၅ ရက်နေ့မှစ၍ အကောက်ခွန်ရှင်းလင်းရေးလုပ်ငန်းများကို ဆိုင်းငံ့ထားကာ ရွှေလီမြို့တွင် Covid-19 ကို ထိရောက်စွာ တားဆီးကာကွယ်ရေးအတွက် စက်တင်ဘာလ ၁၄ ရက်နေ့ ည ၁၀ နာရီနောက်ပိုင်း ထူးခြားကိစ္စမှတစ်ပါး ရွှေလီမြို့အဝင်/အထွက်ကို အချိန် ၇ ရက် ယာယီသတ်မှတ်၍ ဝင်/ ထွက်ခွင့်မပြုရန် နှင့် ရွှေလီမြို့တော်တစ်ခုလုံး Stay at Home ကြရန် ကြေညာထားကြောင်း ကုန်သည်စက်မှုအသင်းချုပ်ထံမှ သိရသည်။
S-07