News

POST TYPE

NEWS

မုတ်သုံကုန်ချိန်တွင် ဖြစ်ပေါ်တတ်သော သဘာဝဘေးအန္တရာယ်များကို မိုး/ဇလ သတိပေး
16-Sep-2020
ရန်ကုန်၊ စက်တင်ဘာ ၁၅

မုတ်သုံလေကုန်ချိန်ရောက်ပြီဖြစ်၍ မုတ်သုံလေကုန်ချိန်တွင် ဖြစ်ပေါ်တတ်သော သဘာဝဘေးအန္တရာယ်များကို သတိပြုနေထိုင်ရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေးခဲ့သည်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ခန့်မှန်းချက်အရ စက်တင်ဘာလလယ်လောက်တွင် မုတ်သုံလေ ပြန်ထွက်မည်ခန့်မှန်းထားပြီး မုတ်သုံလေပြန်ထွက်ချိန်တွင် လေထုမငြိမ်မသက်ဖြစ်၍ မိုးတိမ်တောင်ဖြစ်ထွန်းမှုကြောင့် မိုးရွာချိန်တွင် လျှပ်စီးလက်ခြင်း၊ မိုးကြိုးပစ်ခြင်း စသည့် ဖြစ်စဉ်များကို သတိပြုရန်လိုကြောင်း သိရသည်။

ထို့ပြင် လေထုမငြိမ်မသက်ခြင်းကြောင့် ပင်လယ်ပြင်များတွင်လေဖိအားနည်းရပ်ဝန်းများ၊ မုန်တိုင်းငယ်များဖြစ်ပေါ်နိုင်ပြီး မုတ်သုံထွက်ချိန်တွင် ထစ်ချုန်း မိုးများရွာသွန်းခြင်းကြောင့် နေရာကွက်မိုးကြီးခြင်း၊ ဒေသအလိုက်မိုးကြီးခြင်းများကို သတိပြုရန်လိုကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက ပြောကြားသည်။

"မုတ်သုံပြန်ထွက်နေပေမယ့် မြန်မာနိုင်ငံအထက်ပိုင်းဒေသတွေမှာ မိုးဆက်တိုက်ကောင်းနေရင် စိုးရိမ်ရေမှတ် မရောက်နိုင်ပေမယ့် မြစ်ရေမြင့်တက်လာနိုင်တဲ့ အခြေအနေရှိတဲ့အတွက် မြစ်ကမ်းနံဘေးမှာရှိတဲ့ ပြည်သူတွေအနေနဲ့လည်း သတိပြုဖို့လိုပါတယ်" ဟု ၎င်းက သတိပေးပြော ကြားသည်။

လက်ရှိအချိန်တွင် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေအားအနည်းငယ်မှ အားအသင့်အတင့်ရှိနေပြီး ကျန်ဘင်္ဂလား ပင်လယ်အော်တို့တွင် မုတ်သုံလေအားနည်းနေသည်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ စက်တင်ဘာ ၁၆ရက်(ယနေ့)ခန့်မှန်းချက်အရ နေပြည်တော်နှင့် အနီးတစ်ဝိုက်တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာရန်ရှိပြီး ရန်ကုန်မြို့နှင့် အနီးတစ်ဝိုက်တွင် နေသာချိန်ရှိပြီး မိုးလည်း တစ်ကြိမ်၊ နှစ်ကြိမ် ထစ်ချုန်းရွာမည်ဖြစ်၍ ရွာရန် ရာနှုန်းပြည့်ဖြစ်သည်။

ထို့အပြင် မန္တလေးမြို့နှင့်အနီးတစ်ဝိုက်တွင် နေရာကွက်ကျား မိုးထစ်ချုန်း ရွာရန်ရှိပြီးရွာရန် ၈၀ရာနှုန်းဖြစ်သည်။

J-02