News

POST TYPE

NEWS

လမ်းနှစ်လမ်းကို ဒီဇိုင်းပြန်လည်ရေးဆွဲရန် ဗြိတိန်အစိုးရက ကန်ဒေါ်လာ ၃ ဒသမ ၄ သန်းပံ့ပိုး
15-Sep-2020


ရန်ကုန်၊ စက်တင်ဘာ ၁၅

ဗြိတိန်အစိုးရက ရန်ကုန်မြို့ရှိ ပန်းဆိုးတန်းလမ်းနှင့် ကျွန်းတောလမ်း နှစ်လမ်း၏ဒီဇိုင်းများကို ပြန်လည်ရေးဆွဲနိုင်ရေးစီမံကိန်းအတွက် အမေရိကန် ဒေါ်လာ ၃ ဒသမ ၄ သန်းကို ရန်ပုံငွေအဖြစ် ပံ့ပိုးကူညီပေးမည်ဖြစ်ကြောင်း ဗြိတိန်အစိုးရထံမှ သိရသည်။

မြို့ပြနေပြည်သူများ၏ ပူးပေါင်းပါဝင်မှုဖြင့် အများပြည်သူအသုံးပြုရာနေရာများကို အဆင့်မြှင့်တင်နိုင်ကြောင်း ပြသလိုသည့်ရည်ရွယ်ချက်ဖြင့် ကူညီဆောင်ရွက်ပေးခြင်းဖြစ်ပြီး မြို့လမ်းသာဟုလူသိများသည့် ယင်းစီမံကိန်းကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ YCDC နှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

"ဒေသခံလူ့အဖွဲ့အစည်းအားလုံး  အကျိုးဖြစ်ထွန်းစေဖို့အတွက် မြန်မာနိုင်ငံ ရဲ့မြို့တွေကို ရေရှည်ဖွံဖြိုးတိုးတက်အောင်  လုပ်ဆောင်တဲ့နေရာမှာ ဗြိတိန်ရဲ့မြို့ပြ ဖွံ့ဖိုးတိုးတက်မှုဆိုင်ရာ ကျွမ်းကျင်မှုတွေ ကိုသုံးပြီး ပါဝင်ခွင့်ရတဲ့အတွက် ဝမ်းမြောက်မိပါတယ်" ဟု မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ဒန်ချက်က ပြောကြားသည်။

ရပ်ကွက်နေပြည်သူများ၏ အကြံပြုချက်များအရ ပြန်လည်ပြုပြင်ထားသည့်လမ်းဒီဇိုင်းတွင် မြို့ပြဥယျာဉ်ငယ်များ သို့မဟုတ် အပန်းဖြေအနားယူရန် နေရာများအပြင် လမ်းလျှောက်အသုံးပြုသူများနှင့် စက်ဘီးစီးသူများအတွက် အသုံးပြုရလွယ်ကူပြီး ဘေးကင်းလုံခြုံစေရန်နှင့် ပိုမိုကောင်းမွန်သည့် ယာဉ်ရပ်နားရန် နေရာ စီမံခန့်ခွဲမှုများလည်း ပါဝင်ကြောင်း သိရသည်။

ပန်းဆိုးတန်းလမ်းနှင့် ကျွန်းတော လမ်းကို ရှေ့ပြေးစီမံကိန်းအနေနှင့် စတင်လုပ်ဆောင်ရန်ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး ပန်းဆိုးတန်းလမ်းသည် မြို့လယ်ဧရိယာအတွက် အရေးပါသည့်သမိုင်းဝင်နေရာ တစ်နေရာဖြစ်ကာ ကျွန်းတောလမ်းသည်လည်း အသုံးပြုသူများသည့် ဆင်ခြေဖုံး လမ်းတစ်လမ်းဖြစ်ကြောင်း ဗြိတိန်အစိုးရထံမှ သိရသည်။

စီမံကိန်း၏လိုအပ်ချက်အရ ရပ်ရွာ နေပြည်သူလူထုနှင့် ဆက်လက်ပူးပေါင်း လုပ်ဆောင်ရမည်ဖြစ်သော်လည်း Covid-19 ရောဂါကူးစက်ပြန့်ပွားမှုထိန်းချုပ်ရေး လမ်းညွှန်ချက်များကို လိုက်နာ သည့်အနေနှင့် အွန်လိုင်းမှတစ်ဆင့် ဆက် သွယ်ဆောင်ရွက်ခြင်းများကိုသာ ပြုလုပ် သွားမည်ဖြစ်ပြီး အင်ဂျင်နီယာအတိုင်ပင်ခံ ကုမ္ပဏီဖြစ်သည့် Mott MacDonald က ပြည်တွင်းပြည်ပ ကျွမ်းကျင်ပညာရှင်များနှင့်အတူ စီမံကိန်းကို  ဦးဆောင်လုပ်ကိုင်သွားမည်ဖြစ်ကာ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအပြင် အခြားအစိုးရဌာနများနှင့်လည်း ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

S-07