News

POST TYPE

NEWS

ကုန်တင်ယာဉ်များ ယာဉ်မောင်းနှင့်စပယ်ယာ အစားထိုးသည့်စနစ် ကုန်စည်ပို့ဆောင်ရေးအခက်တွေ့
15-Sep-2020


မန္တလေး၊ စက်တင်ဘာ ၁၅

ရမည်းသင်းမြို့တွင် စိစစ်စစ်ဆေးရေး ဂိတ်ထားရှိကာ မန္တလေးသို့ဝင်မည့် ကုန်တင်ယာဉ်များပေါ်ပါ ယာဉ်မောင်းနှင့်စပယ်ယာ များကို အစားထိုး ပြောင်းလဲမောင်းနှင်စနစ်သည် ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းများအတွက် အခက်တွေ့စေကြောင်း ကုန်စည် ပို့ဆောင်ရေးလုပ်ငန်းရှင်အချို့က ပြောဆိုကြသည်။

မန္တလေးတိုင်းအတွင်းသို့ဝင်မည့်  ရခိုင်နှင့် ရန်ကုန်ဒေသမှ ကုန်တင်ယာဉ် များအား မောင်းနှင်လာသူယာဉ်မောင်း၊ ယာဉ်နောက်လိုက်များကို မန္တလေးသို့ တိုက်ရိုက်ဝင်ရောက်ခွင့် ပြုတော့မည်မဟုတ်ကြောင်းနှင့် ရမည်းသင်းမြို့အထိသာ  မောင်းနှင်ခွင့်ပြုမည်ဖြစ်ပြီး ယာဉ်မောင်း၊  စပယ်ယာလဲလှယ်မောင်းနှင်ရန် မန္တလေးတိုင်းအစိုးရအဖွဲ့က စက်တင်ဘာလ ၁၁ ရက်နေ့တွင် ညွှန်ကြားချက်ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ 

မန္တလေးမြို့နှင့် မိုင်တစ်ရာကျော် ဝေးသော ရမည်းသင်းဂိတ်တွင် စိစစ်ရေး ဂိတ်ထားရှိခြင်းသည် ယာဉ်မောင်းလဲလှယ်ရန်အခက်အခဲရှိခြင်း၊ ခရီးစဉ်ကြန့်ကြာ ခြင်း၊ အခြားအခက်အခဲများစွာရှိနေပြီး ယခင်က ယာဉ်တစ်စီးအတွက် ယာဉ်မောင်းနှင့် စပယ်ယာနှစ်ယောက်သာထားရှိရာမှ ရမည်းသင်း - ရန်ကုန် ခရီးစဉ်အတွက် နှစ်ယောက်၊ ရမည်းသင်းနှင့်မန္တလေးခရီးစဉ်  အတွက် နှစ်ယောက် ထားရှိမည်ဆိုပါက  ကုန်ကျစရိတ် ပိုမိုများပြားလာမည်ဖြစ်ကြောင်း မန္တလေးတိုင်း ကုန်စည်ပို့ဆောင် ရေးအသင်းဥက္ကဋ္ဌ ဦးကျော်သူရက ပြောကြားသည်။

ရမည်းသင်းသို့ ရန်ကုန်ဒေသမှလာ သည့်ယာဉ်များကို သီးခြားသတ်မှတ် ဧရိယာဖြင့် မထားရှိသောကြောင့်လည်း  အခြားတိုင်းနှင့်ပြည်နယ်များမှ လာသော ယာဉ်မောင်းများနှင့် ထိတွေ့မှုရှိနေသည် ဟု ဦးကျော်သူရက ရှင်းပြသည်။

“ကားပေါင်းစုံက အဲဒီနေရာမှာ ထိတွေ့နေတယ်၊ ကားခေါင်းထဲမှာက ယာဉ်မောင်းနဲ့ စပယ်ယာနှစ်ဦးပဲပါတယ်၊  ပုံမှန်သွားလာနေတဲ့စနစ်အရ ယာဉ်မောင်း တွေမှာက လုံလောက်တဲ့ကျန်းမာရေး ထိန်းသိမ်းစောင့်ရှောက်မှုက ရှိပြီးသားပါ၊  ရမည်းသင်းမှာက ယာဉ်ကြောပိတ်သွားတာရယ် ယာဉ်မောင်း၊ စပယ်ယာတွေထိတွေ့ မှုတွေဖြစ်နေတာတော့ အမြန်ဆုံးပြင်ဆင်သင့်တယ်”ဟု ၎င်းက မှတ်ချက်ပြုသည်။

ရမည်းသင်းမြို့နယ် စစ်ဆေးရေးဂိတ်တွင် စက်တင်ဘာလ ၁၅ ရက် နံနက်ပိုင်းက  ယာဉ်အစီးရေ ၁၀ဝ ကျော်ပိတ်မိခဲ့ပြီး  ယာဉ်တန်းရှည်တစ်ခု ဖြစ်ပွားခဲ့ကြောင်းလည်း ကားသမားအချို့ထံမှ စုံစမ်းသိရှိရသည်။

“ယင်းကိစ္စနှင့်ပတ်သက်၍ မန္တလေး တိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် က ၎င်း၏လူမှုကွန်ရက်စာမျက်နှာတွင် “ဒီနေ့ အစည်းအဝေးမှာ ဆွေးနွေးမှုတွေ လုပ်ပါတယ်၊ ကုန်စည်စီးဆင်းမှုချောမွေ့ရေး မမေ့ပါ။ (၁) မန္တလေးမဝင်ဘဲ အခြား တိုင်းသွားရင် စိစစ်ပြီးခွင့်ပြုပါတယ်။ (၂) ကားမချိန်းရပါ၊ ကုန်မချိန်းရပါ၊ (၃) ဒရိုင်ဘာ စပယ်ယာအတွက် က.ည.နကို အကူအညီ  တောင်းထားပါတယ်၊ (၄) ခရီးသည်တင် ကားများ ကုန်တင်နိုင်ရန် ဆွေးနွေးလျက် ရှိပါတယ်”ဟု စက်တင်ဘာလ ၁၄ ရက် နေ့ မွန်းလွဲပိုင်းတွင် ဖော်ပြခဲ့သည်။

ရမည်းသင်းမြို့နယ် စိစစ်ရေးဂိတ်ကို  ဆက်လက်ထားရှိလုပ်ကိုင်မည်ဆိုပါက  ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းကို ဆက် လက်လုပ်ဆောင်ရန် အခက်အခဲများရှိနေပြီး ကုန်စည်စီးဆင်းမှု လေးလံသွားစေနိုင် ကြောင်း မန္တလေးတိုင်း ကုန်စည်ပို့ဆောင် ရေးအသင်းဥက္ကဋ္ဌ ဦးကျော်သူရက ထပ်မံ ပြောကြားသည်။

“ရမည်းသင်းအထိမောင်းသွားပြီးမှ  ယာဉ်မောင်းတွေပြောင်းဖို့ဆိုတာ အခက် အခဲရှိတယ်၊ တွေ့တဲ့ယာဉ်မောင်းလက်ထဲ ကုန်တွေနဲ့ကားတွေကို ပေးလိုက်ဖို့ဆိုတာ ဘယ်ယာဉ်ပိုင်ရှင်ကမှ မစဉ်းစားဘူး၊ ကား မချိန်းရဘူး၊ ကုန်လည်း ချိန်းဖို့ဆိုတာ  အဆင်မပြေဘူး။ ယာဉ်မောင်းချိန်းဖို့ဆိုတာ  အဆင်မပြေပါဘူး။ ဖြစ်နိုင်ဖို့ အင်မတန် နည်းပါတယ်၊ အခြားယာဉ်မောင်းတွေ လက်ထဲကို ယုံကြည်စိတ်ချစွာ ကားပေးဖို့ ဆိုတာ ယုံကြည်ဖို့ အင်မတန်နည်းပါတယ်” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

စက်တင်ဘာလ ၁၃ ရက်နေ့က  ရမည်းသင်းမြို့နယ် စစ်ဆေးရေးဂိတ်မှ   စိစစ်ခွင့်ပြုခဲ့သည့် ကုန်တင်ယာဉ်စုစုပေါင်း  ၃၅၄ စီး ရှိသော်လည်း မန္တလေးတိုင်းသို့ ဝင်ရောက်မည့်ယာဉ်များအတွက် ယာဉ် မောင်းနှင့် ယာဉ်နောက်လိုက်လဲလှယ်၍  မောင်းနှင်ခဲ့သော ယာဉ် ၁၆ စီးသာရှိခဲ့ ကြောင်း မန္တလေးတိုင်း အစိုးရအဖွဲ့နှင့်  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ထုတ်ပြန်ချက်များအရ သိရသည်။
  
ဘုန်းမြတ်