News

POST TYPE

NEWS

ချောက်တွင် နှမ်းနှင့်မြေပဲစိုက်ဧက တစ်သောင်းသုံးထောင်ခန့်ပျက်စီး
13-Sep-2020


ချောက်၊ စက်တင်ဘာ ၁၃

မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းဇုန်ဒေသဖြစ်သည့် မကွေးတိုင်း ချောက်မြို့နယ်၌ ယခုနှစ်မိုးရာသီတွင် မိုးခေါင်ခဲ့သဖြင့် နှမ်းနှင့်မြေပဲစိုက်ဧက တစ်သောင်းသုံးထောင်ကျော် ထိခိုက်ပျက်စီးဆုံးရှုံးခဲ့သည်ဟု ချောက်မြို့နယ်မြေစာရင်းဦးစီးဌာန၏ စာရင်းများအရသိရသည်။

ယခုနှစ် မိုးရာသီကာလ မိုးဦးကျချိန်တွင် မိုးရွာသွန်းချိန် နောက်ကျခဲ့သဖြင့် မိုးရာသီစိုက်သီးနှံဧကများမှ နှမ်းစိုက်ပျိုးဧက ၁၂၀၅၀ ၊ မြေပဲစိုက်ဧက ၂၆၄ နှင့် ပဲတီစိမ်းစိုက်ဧက ၆၈၄ ထိခိုက်ပျက်စီးသည်ဟု ချောက်မြို့နယ်မြေစာရင်းဦးစီးဌာန ဒုဦးစီးမှူး ဦးမြတ်ထွန်းအောင်က ပြောဆိုသည်။

မြေပဲစိုက်တစ်ဧကလျှင် တစ်တင်းခွဲမှနှစ်တင်းအထိပျိုးကြဲရပြီး မျိုး‌မြေပဲတစ်တင်းလျှင် ကျပ်ခြောက်သောင်းခွဲခန့်ဖြင့်ဝယ်ယူရသည့်အတွက် တစ်ဧကစိုက်ပျိုးစရိတ်မှာ ကျပ်တစ်သိန်းသုံးသောင်းခန့်ကုန်ကျသည်ဟု ဒေသခံတောင်သူများထံမှ သိရသည်။

"ဒီနှစ် မိုးဦးအစမိုးရွာတာနဲ့ နှမ်းစိုက်ခဲ့တယ်။ မိုးဆက်မရွာတော့ နှမ်းစိုက်ခင်းတွေပျက်လို့ ဖျက်လိုက်ရတယ်။ မိုးပြန်ရွာတဲ့အချိန်မှာ နှမ်းထပ်စိုက်တော့ မိုးကမရွာတော့ပြန်ဘူး။ နှစ်ခါစိုက်နှစ်ခါပျက်တယ်။ မိုးထပ်ကျလာလို့ မြေပဲထပ်စိုက်ပြန်တော့လည်း အပင်ရှင်လာပေမယ့် မိုးထပ်မရွာတော့ မြေပဲလည်းရနိုင်ခြေနည်းပါတယ်"ဟု ချောက်မြို့နယ် ဂွေးပင်ကျေးရွာမှ တောင်သူတစ်ဦးက ပြောဆိုသည်။ 

ချောက်နှင့် ရေနံချောင်းမြို့နယ်တို့၌ ယခင်ကမြေပဲကို အများဆုံးစိုက်ပျိုးလေ့ရှိသော်လည်း လွန်ခဲ့သောငါးနှစ်ခန့်ကစတင်ကာ မိုးရွာသွန်းမှု နည်းပါးလာသောကြောင့် တောင်သူများက နှမ်းကိုအများဆုံး စိုက်ပျိုးခဲ့ရာ ယခုနှစ်မိုးရာသီတွင် မိုးခေါင်ခဲ့၍ နှမ်းနှင့်မြေပဲစိုက်ခင်းများ ပျက်စီးဆုံးရှုံးရခြင်းဖြစ်သည်။

R-11