News

POST TYPE

NEWS

ရခိုင်အရေးဆန္ဒပြခဲ့သူ ဗကသကျောင်းသားနှစ်ဦးကို ခေါ်ယူစစ်ဆေး
13-Sep-2020


မန္တလေး၊ စက်တင်ဘာ ၁၃

ရခိုင်ပြည်နယ်တွင်ဖြစ်ပေါ်နေသော အရေးကိစ္စများနှင့်ပတ်သက်၍ မန္တလေးမြို့၌ ဆန္ဒပြခဲ့ကြသည့် ကျောင်းသားများ အနက်မှ ဗကသအဖွဲ့ဝင် ကျောင်းသားနှစ်ဦးကို စက်တင်ဘာလ ၁၃ ရက်နေ့တွင်  ရဲတပ်ဖွဲ့က ခေါ်ယူစစ်ဆေးခဲ့ကြောင်း စစ်ဆေးခံရသူများက ပြောကြားသည်။

"ဒီမိုကရေစီအစိုးရလိုဟစ်ကြွေး နေတဲ့ NLD အစိုးရလက်ထက်မှာ လွတ်လပ်စွာ ထုတ်ဖော်ခွင့်မရသေးတာလို့ မြင်တယ်" ဟု ခေါ်ယူစစ်မေးခံရသူ ဗကသ အဖွဲ့ချုပ်၊ ရုံးအဖွဲ့မှူး ကိုကျော်သီဟရဲကျော်က ပြောကြားသည်။

ယင်းကျောင်းသားနှစ်ဦးကို မန္တလေး မြို့ အမှတ် ၆ ရဲစခန်းမှ တာဝန်ရှိသူများက  ဗကသယာယီအဖွဲ့ချုပ်ရုံးတည်ရှိရာ ရတနာပုံ တက္ကသိုလ်သို့ လာရောက်ကာ ရဲစခန်းသို့ ခေါ်ယူစစ်ဆေးခဲ့ခြင်းဖြစ်သည်။

ဗကသအဖွဲ့ဝင်ကျောင်းသား ၁၅ ဦးသည် စက်တင်ဘာလ ၁၀ ရက်နေ့ နံနက်ပိုင်းက ၈၄ လမ်း၊ ၃၁လမ်းမှ ၂၆ လမ်း (ဈေးချို) အထိ ခွင့်ပြုချက် ရယူခြင်း မရှိဘဲ လမ်းလျှောက်ဆန္ဒထုတ်ဖော်ခဲ့ကြသည့်အတွက် ယခုကဲ့သို့ စစ်မေးခံရခြင်း ဖြစ်သည်။

ယင်းဆန္ဒပြမှုနှင့်ပတ်သက်၍ ဗကသ အဖွဲ့ဝင်ကျောင်းသားတစ်ဦးကိုလည်း စက်တင်ဘာလ ၁၀ ရက်နေ့က နေအိမ်သို့ လာရောက်ဖမ်းဆီးကာ ရဲစခန်းတွင် စစ် ဆေးခဲ့ပြီးနောက် စက်တင်ဘာလ ၁၁ ရက်နေ့တွင် ပြန်လွှတ်ပေးခဲ့သည်။

ပြည်နယ်အစိုးရကို အယုံအကြည် မရှိကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး ရှေ့၌ စက်တင်ဘာလ ၉ ရက်နေ့က ဆန္ဒ ထုတ်ဖော်ခဲ့သည့် ရခိုင်ပြည်နယ် ကျောင်း သားများသမဂ္ဂဥက္ကဋ္ဌ အပါအဝင်သုံးဦးကို လည်း ရဲတပ်ဖွဲ့က ဖမ်းဆီးထားပြီး ပုဒ်မ နှစ်ခုဖြင့် အမှုဖွင့်ထားသည်။

S-02