News

POST TYPE

NEWS

ယုဇနပလာဇာအပါအဝင် ဈေးအချို့ ယာယီပိတ်သိမ်း
12-Sep-2020


ရန်ကုန်၊ စက်တင်ဘာ ၁၂

ရန်ကုန်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှုန်း မြင့်တက်လာခြင်းကြောင့် စက်ရုံ၊ အလုပ်ရုံများကို ယာယီပိတ်ထား ရန်ညွှန်ကြားထားပြီး မင်္ဂလာတောင်ညွှန့် မြို့နယ်ရှိ ယုဇနပလာဇာ၊ မင်္ဂလာမွန်ဈေး အပါအဝင် ဈေးအချို့ကို စက်တင်ဘာလ ၁၂ရက်မှစ၍ ယာယီပိတ်သိမ်းလိုက်ပြီ ဖြစ်ကြောင်း ဈေးတာဝန်ခံကော်မတီထံမှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီမှ စက်တင်ဘာလ ၁၂ ရက်(စနေနေ့)မှစ၍ ရန်ကုန်တိုင်း အတွင်းရှိ စက်ရုံ၊ အလုပ်ရုံများကို ပုံမှန် နေ့တစ်ဝက်ဖွင့်လှစ်မှုအစား သတ်မှတ် လုပ်ခလစာ ခံစားဖွင့်အပြည့်ဖြင့် ပိတ်သိမ်းရန် စက်တင်ဘာလ ၁၀ ရက်တွင် ညွှန်ကြားချက် ထုတ်ပြန်ခဲ့သည်။

လက်ရှိအချိန်တွင် အဆိုပါ ညွှန်ကြားချက်အတိုင်း မင်္ဂလာတောင်ညွှန့်မြို့နယ်ရှိ ယုဇနပလာဇာဈေးအပြင် မင်္ဂလာမွန်ဈေး၊ မင်္ဂလာဈေးနှင့် အခြား ဈေး၊ စက်ရုံ၊ အလုပ်ရုံများပါ ယာယီပိတ်သိမ်းထားသည်။

ယုဇနပလာဇာကို ယာယီမပိတ်ခင် စက်တင်ဘာလ ၁၁ရက်အထိ ဈေးဖွင့်ချိန်ကို နံနက် ၈ နာရီမှ ညနေ ၅နာရီ အထိ သတ်မှတ်ထားပြီး အဝင်အထွက်များ အတွက် အပေါက် ၅ ပေါက်သာဖွင့်ပေး ထား၍ ယင်းဂိတ်ပေါက်များတွင် အပူချိန်တိုင်းခြင်း၊ Mask များ တပ်ဆင်ခိုင်းခြင်း၊ ဝေငှပေးခြင်း၊ လက်ဆေးရေများဖြင့် သန့်ရှင်းစေခြင်း စသည်တို့ကို မဖြစ်မနေ လုပ်ခိုင်းကြောင်း ဈေးတာဝန်ခံကော်မတီထံမှ သိရသည်။

ထို့အပြင် ဈေးအတွင်း စည်းကမ်း များလိုက်နာစေရန် ကျန်းမာရေးဆိုင်ရာ အသိပညာများကို စပီကာများမှ တစ်ဆင့် ကြေညာပေးနေပြီး ဈေးသာယာရေး အဖွဲ့များဖြင့် လိုက်လံစစ်ဆေးပေးခြင်း၊ ရောင်းသူဝယ်သူ ကွဲပြားစေရန် ဈေးအထပ် လိုက်ခွဲ၍ အရောင်ဖြင့် သတ်မှတ်ထား သော လည်ဆွဲကတ်များ ပေးထားခြင်း၊ ညနေဈေးပိတ်ချိန်မှစ၍ လူအထိအတွေ့ များသောနေရာများ၊ လှေကားလက်ရန်း များ စသည်တို့ကို နေ့စဉ်ပိုးသတ်ဆေးဖျန်း ၍ သန့်ရှင်းရေးလုပ်ခြင်းများ ပြုနေ ကြောင်း ယုဇနပလာဇာတာဝန်ခံ ဦးမင်းမင်း စိုးက ရှင်းပြသည်။

ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါ ကူးစက် ပျံ့နှံ့မှုကို ပိုမိုထိရောက်စွာ ထိန်းချုပ်နိုင်ရေးအတွက် ယုဇနပလာကို စက်တင်ဘာလ ၁၂ မှစ၍ ယာယီပိတ်သိမ်းထားပြီး ဈေးပြန်လည်ဖွင့်မည့်ရက်ကို ထပ်မံကြေညာသွားမည်ဖြစ်ကြောင်း ယုဇနပလာဇာ စီမံခန့်ခွဲမှုကော်မတီက ထုတ်ပြန်ထားသည်။

လက်ရှိတွင် ရန်ကုန်မြို့အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှုန်း မြင့်တက်လျက်ရှိပြီး ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ် ၂၈ ခုကို  Stay at Home နေထိုင် ရန် အစိုးရက ညွှန်ကြားထားပြီး ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန၏ စက်တင်ဘာလ ၁၂ ရက် နံနက်ပိုင်းထုတ်ပြန်ချက်အရ ရောဂါ ပိုးရှိသူ အတည်ပြုလူနာ ၂၄၄၅ ဦးရှိပြီး ဆေးရုံဆင်းခွင့်ရသူ ၆၂၅ ဦးနှင့် သေဆုံး သူ ၁၅ ဦးထိ ရှိလာခဲ့သည်။

F-02