News

POST TYPE

NEWS

Covid-19 ကြောင့် ပြည်တွင်းရွှေ အဝယ်ရပ်တန့်
08-Sep-2020


ရန်ကုန်၊ စက်တင်ဘာ ၇

Covid-19 ရောဂါကူးစက်မှုနှုန်း များမှာ ဆက်လက်မြင့်တက်လျက်ရှိ သောကြောင့် ပြည်တွင်းမှ ရွှေဝယ်ယူမှုမှာ လုံးဝရပ်တန့်သွားကြောင်း ရွှေဈေးကွက်အတွင်းမှ သိရသည်။

ဘုရားပွဲတော်များနှင့် အလှူပွဲများ မရှိတော့သည့်အတွက် ပြည်တွင်းမှ ရွှေ ဝယ်ယူမှုမှာ ရပ်တန့်သွားသည့်အပြင် Covid-19 ကူးစက်မှုများမြင့်တက်နေသည့်အတွက် လက်ထဲတွင်ငွေကိုင်ထား ကြသည့်အတွက်လည်း အဝယ်ရပ်သွားခြင်းဖြစ်ကြောင်း သိရသည်။

“ပြည်တွင်းကတော့ လုံးဝကိုအဝယ် မရှိတော့ဘူးဖြစ်သွားတယ်။ ဆိုင်တွေက လည်း လာပြန်ရောင်းတာတွေ များတယ်။ ကျောင်းကန်ဘုရားတွေကလည်း ပွဲတော်တွေ မရှိတော့ဘူး။ အလှူအတန်းတွေလည်း မရှိတော့ဘူးဆိုတော့ ပြည်တွင်းဝယ်တဲ့ သူအားလုံးက အဝယ်ရပ်သွားတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောကြားသည်။

ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းရုံး (YGEA) ကို ကိုဗစ်ကာလတွင် ဆက်လက်ဖွင့်လှစ် ထားမည်ဖြစ်သော်လည်း အရောင်းအဝယ်များကိုမူ ပြီးခဲ့သည့် စက်တင်ဘာလ ၅ ရက်နေ့ကစတင်၍ ရပ်နားထားခြင်းဖြစ်ပြီး အသင်းရုံးတွင် အရောင်းအဝယ်ကို ရပ်နားထားသော်လည်း ရွှေဆိုင်များက ဈေးဖွင့်၍ ဆက်လက်ရောင်းချသွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

အသင်းရုံးဖွင့်ထားသော်လည်း ရွှေပေါက်ဈေးကို ဆက်လက်တင်ပေးမည်မဟုတ်သော်လည်း ဒေါ်လာပေါက်ဈေးနှင့် ကမ္ဘာ့ပေါက်ဈေးကိုမှု ဆက်လက်တင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

S-07