News

POST TYPE

NEWS

ရွေးကောက်ပွဲနှောင့်နှေးစေရန် ဆန္ဒပြသူများကို ဟောင်ကောင်ရဲတပ်ဖွဲ့က ငရုတ်ကောင်းကျည်များဖြင့် ပစ်ခတ်
08-Sep-2020


ဟောင်ကောင်၊ စက်တင်ဘာ ၇

တရုတ်ပြည်မကြီးက အဆိုပြုထားသည့် အမျိုးသားလုံခြုံရေးဥပဒေသစ်ကို အတည်ပြုမည့် ဥပဒေပြုရွေးကောက်ပွဲ နှောင့်နှေးစေရန် ကန့်ကွက်ဆန္ဒပြသူများကို ဟောင်ကောင်ရဲတပ်ဖွဲ့က ငရုတ်ကောင်း ကျည်ဆန်များအသုံးပြု၍ ပစ်ခတ်ခဲ့ပြီး လူ ၃၀၀ နီးပါးကို ဖမ်းဆီးလိုက်ကြောင်း ရိုက်တာသတင်းဌာနက ရေးသားဖော်ပြသည်။

ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှုများကြောင့် စက်တင်ဘာလ ၆ ရက်နေ့တွင် ကျင်းပရမည့် အာရှဘဏ္ဍာရေးအချက် အချာ ဥပဒေပြုကောင်စီရွေးကောက်ပွဲကိုလည်း ဟောင်ကောင်အုပ်ချုပ်ရေးမှူး မစ္စကယ်ရီလမ်းက ဇူလိုင်လကတည်းက ရွှေ့ဆိုင်းထားခဲ့သည်။

အဆိုပါကောင်စီဝင်များ၏ တစ်ဝက်ကို တိုက်ရိုက်ရွေးကောက် တင်မြှောက်ခြင်း ဖြစ်ပြီး ကျန်တစ်ဝက်မှာမူ များသောအားဖြင့် တရုတ် လိုလားသူများကိုသာ ခန့်အပ်ခြင်းဖြစ်သည်။ 

ယင်းရွေးကောက်ပွဲ၌ ဒီမိုကရေစီ လိုလားသူများက အများစုအနိုင်ရလိမ့်မည်ဟု မျှော်လင့်ထားကြသည်။

“ဒီနေ့ကတကယ်ဆို ရွေးကောက်ပွဲ နေ့ပဲ။ ငါတို့ရဲ့မဲတွေပြန်ရဖို့ တွန်းလှန်ကြရမယ်” ဟု စက်တင်ဘာလ ၆ ရက်နေ့က ဆန္ဒပြရာတွင် ပါဝင်လာသည့် အသက် ၇၀ အရွယ် အဘွားအို မစ္စစ်ဝေါင်းက ပြောကြားသည်။

တရုတ်ကစတင်ကာ တင်သွင်းလာသည့် အမျိုးသားလုံခြုံရေးဥပဒေသစ်မှာ ပြီးခဲ့သည့်ဇွန်လ နှောင်းပိုင်းကတည်းကပင် ပထမအကြိမ် တရားဝင်မဲခွဲဆုံးဖြတ်မှုများ ပြုလုပ်ရမည်ဖြစ်သည်။ 

မဲပေးမှုနှောင့်နှေးစေရန် နောက်ကွယ်၌ နိုင်ငံရေးလှုံ့ဆော်မှုများ မရှိစေ ရေး ဟောင်ကောင်အစိုးရက သတိပေးထားသည်။

ခေါင်လွန်းကျွန်းဆွယ်တွင် ဒဟောင်ကောင်ကို လွတ်လပ်ရေးပေးဒဟု ကြွေးကြော်ကာ လူပေါင်းရာနှင့်ချီ၍ ချီတက်လာကြပြီး ထောင်နှင့်ချီသည့် ရဲတပ်ဖွဲ့ဝင်များကလည်း တပ်ဆွဲထား ကြသည်။ သို့သော် ယင်းကြွေးကြော်သံမှာ လုံခြုံရေးဥပဒေသစ်အရ တားမြစ်ခံထား ရသည်။

တရားမဝင်စုဝေးမှုများဖြင့် လူ ၂၉၈ ဦးကို ဖမ်းဆီးထားကြောင်း ဟောင်ကောင် ရဲတပ်ဖွဲ့က Facebook စာမျက်နှာမှ တစ်ဆင့် ပြောကြားသည်။

အမျိုးသားလုံခြုံရေးဥပဒေသစ်မှာ ဟောင်ကောင်၏ တည်ငြိမ်အေးချမ်းရေး အတွက် အထောက်အပံ့ဖြစ်မည်ဟု ထောက်ခံသူများက ပြောဆိုသော်လည်း ဝေဖန်သူများကမူ ယင်းဥပဒေမှာ နိုင်ငံရေး သဘောကွဲလွဲမှုများကို ပယ်ဖျက်ပစ်ရန်သာ ဖြစ်ကြောင်း ထောက်ပြကြသည်။

ဟောင်ကောင်သည် ၁၉၉၇ ခုနှစ် ကတည်းက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဖြစ်ခဲ့သော်လည်း ယခုအခါ အမျိုးသား လုံခြုံရေးဥပဒေသစ်အရ တရုတ်ပြည်မ ကြီးက ပိုမိုထိန်းချုပ်နိုင်သည့် နယ်မြေတစ်ခု အဖြစ်သို့ တွန်းပို့နေကြောင်း ဝေဖန်သူများက ပြောကြားသည်။ 

F-03