News

POST TYPE

NEWS

ဦးဌေးအောင် အာမခံလျှောက်ထားခြင်းမရှိ
02-Sep-2020
ရန်ကုန်၊ စက်တင်ဘာ ၁

နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄-ကဖြင့် တရားစွဲဆိုခံထားရသော ဦးဌေးအောင်သည် အာမခံလျှောက်ထားမည် မဟုတ်ကြောင်း စက်တင်ဘာလ ၁ ရက်နေ့က ပြုလုပ်သည့် တရားရုံးစစ်ဆေးမှုတွင် တရားသူကြီးကို ပြန်လည်ပြောကြားခဲ့သည်။

အဆိုပါရုံးချိန်းကို သာကေတ မြို့နယ်ရှိ ရန်ကုန်တိုင်းအရှေ့ပိုင်းခရိုင် တရားရုံးတွင်စစ်ဆေးခဲ့ပြီး ဦးဌေးအောင်ကို ပြီးခဲ့သည့် သြဂုတ်လ ၈ ရက်တွင် ၎င်း၏ လူမှုကွန်ရက်စာမျက်နှာမှ တစ်ဆင့်လက်ရှိအစိုးရနှင့် အတိုင်ပင်ခံ ပုဂ္ဂိုလ်ကို ပြောဆိုမှုနှင့် ပတ်သက်၍ ပုဇွန်တောင်မြို့နယ်အုပ်ချုပ်ရေးမှူးက နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄-က ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

အရှေ့ပိုင်းခရိုင်တရားရုံး၊ တွဲဖက်ခရိုင်တရားသူကြီး ဦးမြင့်ဟန်က ပုဒ်မ ၁၂၄ -ကသည် အာမခံ၊ကျေအေးခွင့်မပေး နိုင်သည့်ပုဒ်မမျိုးဖြစ်ပြီး နိုင်ငံတော်ဘက်က ကျေအေးမှသာရမည့်အမှုမျိုးဖြစ်၍ အာမခံလျှောက်ထားလိုလျှင် တရားရုံးထံ လျှောက်ထားနိုင်ကြောင်း ပြောကြားရာတွင် ဦးဌေးအောင်က အာမခံလျှောက်ထားခြင်းကို ငြင်းပယ်ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် အဆိုပါရုံးချိန်းတွင် တရားသူကြီးမှ မှုခင်းစီမံခန့်ခွဲမှု အစည်းအဝေးပြုလုပ်ခြင်း၊ တရားစွဲဆိုရခြင်းအကြောင်း၊ ပုဒ်မ ၁၂၄-က ကို ရှင်းလင်းပြောကြားခြင်း၊ ဖမ်းဝရမ်းထုတ်သည့် အကြောင်းတို့ကို ရှင်းလင်းခြင်းတို့အပြင် ယင်းအမှုကို ၆ လအတွင်း အပြီးစစ်ဆေးမည်ဖြစ်ပြီး စက်တင်ဘာ ၁၁ ရက်တွင် ရုံးချိန်းထပ်မံ ချိန်းဆိုခဲ့ကြောင်း ယင်းတရားရုံးထံမှ သိရသည်။

ဦးဌေးအောင်ကို  သြဂုတ်လ ၈ ရက်တွင် ၎င်း၏လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် လက်ရှိအစိုးရနှင့် အတိုင်ပင်ခံ ပုဂ္ဂိုလ်ကိုပြောဆိုမှုနှင့် ပတ်သက်ပြီး ပုဇွန်တောင်မြို့နယ် အုပ်ချုပ်ရေးမှူးက နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄-ကဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး သြဂုတ်လ ၂၁ ရက်တွင် ရဲတပ်ဖွဲ့မှ ၎င်းကို ဖမ်းဆီး၍ အင်းစိန်ထောင်သို့ ပို့ဆောင်ခဲ့သည်။

ထို့ပြင် ၎င်းသည်လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဝင်ရောက်ယှဉ်ပြိုင်မည့် ရန်ကုန်တိုင်း ကော့မှူးမြို့နယ်၌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရန် ကိုယ်စားလှယ်လောင်းအဖြစ် လျှောက်လွှာတင်သွင်းထားသူလည်း ဖြစ်သည်။        

J-02