News

POST TYPE

NEWS

ကညနရုံး စနေနေ့ ဖွင့်လှစ်မှုကို ပြန်လည်ရပ်နားသွားမည်
02-Sep-2020

ရန်ကုန်၊ စက်တင်ဘာ ၁

ကိုရိုနာဗိုင်းရပ်စ် ဒုတိယလှိုင်းကြောင့် ကညနရုံး (မြင်သာ)ရုံးတွင် လာရောက်ဆောင်ရွက်သည့် ယာဉ်စီးရေ နည်းပါးလာခြင်းကြောင့် ယခုလ စက်တင်ဘာလမှစတင်ပြီး စနေနေ့ရုံးများ ဖွင့်လှစ်ကာဆောင်ရွက်မှုကို ရပ်နားသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ တိုင်းဦးစီးမှူး ဦးသိန်းထွဋ်က ပြောကြားသည်။

အဆိုပါကညနရုံး (မြင်သာ) အနေဖြင့် ဇွန်လမှစတင်ကာ ရုံးဖွင့်ရက်များတွင်သာမက စနေနေ့ကိုပါ ရုံးများဖွင့်လှစ်ပြီး နံနက်ပိုင်း ၈ နာရီခွဲအချိန်မှစ၍ ရုံးအချိန်ကို စောဖွင့်ပေးကာ ဆောင်ရွက်ခဲ့ပြီး ကြွေးကျန်ခဲ့သည့် ယာဉ်များအတွက် အချိန်ပို ဆောင်ရွက်ပေးခဲ့ကြောင်း ၎င်းကဆိုသည်။

"ကိုဗစ်ကြောင့် အရင်ကာလက ကြွေးကျန်ကားတွေရယ် ဒီလတွေမှာ ပုံမှန်ဆောင်ရွက်ရမယ့် ကားတွေကများလို့ စနေရုံးပိတ်ရက်တွေပါ မနက် ၈ နာရီခွဲက ဆောင်ရွက်ပေးတယ်။၂ လခွဲလောက် ဆောင်ရွက်ပေးခဲ့တယ်။ အခုက စနေနေ့မှာ လာလုပ်တဲ့ ယာဉ်စီးရေက နည်းလာတယ်။ ဝန်ထမ်းတွေကလည်း တစ်ရက်ပဲ နားရတယ်။ အခုကလာလုပ်တဲ့ယာဉ်တွေကို နိုင်နင်းနေပြီဖြစ်တဲ့အတွက် ရုံးချုပ်က ညွန်ကြားတဲ့အတိုင်း စနေနေ့ဆောင်ရွက်တာကို နားလိုက်တာပါ" ဟု တိုင်းဦးစီးမှူး ဦးသိန်းထွဋ်က ပြောသည်။

ယခုလက်ရှိတွင် ကညနရုံး (မြင်သာ) အနေဖြင့် ကညနဝန်ဆောင်မှုလုပ်ငန်းများကို တနင်္လာနေ့မှ သောကြာနေ့အထိ နံနက် ၈ နာရီမှ ညနေ ၄ နာရီခွဲအထိ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြင်သာ (ကနညရုံး)ထံမှ သိရသည်။

ထို့ပြင် COVID-19 ကြောင့် 'ဃ' လိုင်စင်နှင့် 'င' လိုင်စင်ယာဉ်မောင်းလိုင်စင်ရေးဖြေစာတွေ့ဖြေဆိုခြင်းကို အွန်လိုင်းဘိုကင်ယူကာ ဖြေဆိုသည့်စနစ်ဖြင့် သြဂုတ်လ ၄ ရက်နေ့မှစတင်ကာ ဆောင်ရွက်ပေးခဲ့ပြီး ယခုလက်ရှိတွင် 'ခ' လိုင်စင်ဖြေဆိုခြင်းကို ခေတ္တပိတ်ထား ပြီး မကြာခင် ဖြေဆိုခွင့်ပေးပါက ထုတ်ပြန်ကြေညာပေးသွားမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီး ဌာနထံမှ သိရသည်။

S-05