News

POST TYPE

NEWS

ဝေးလံခေါင်ဖျားဒေသများမှ ကျောင်းသား၊ ကျောင်းသူများအတွက် သင်ခန်းစာများ ရေဒီယိုမှထုတ်လွှင့်မည်
02-Sep-2020
ရန်ကုန်၊ စက်တင်ဘာ ၁

မီးမရရှိ၊ တီဗီမရှိသော ဝေးလံခေါင်ဖျားဒေသများရှိ ကျောင်းသား၊ ကျောင်းသူများအတွက် ရေဒီယိုမှတစ်ဆင့် အထက်တန်းအဆင့်ပညာရေးဆိုင်ရာသင်ခန်းစာများ ထုတ်လွှင့်ပေးရန်စီစဉ်နေကြောင်း အခြေခံပညာဦးစီးဌာနမှ  ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်းက ပြောကြားသည်။

လက်ရှိတွင် ရခိုင်ပြည်နယ်မှစ၍ ကိုဗစ်-၁၉ရောဂါကူးစက်မှုမြင့်တက်လာသောကြောင့် တစ်နိုင်ငံလုံးရှိကျောင်းများကို သြဂုတ် ၂၇ရက်မှစ၍ယာယီပိတ်ထားရန် ပညာရေးဝန်ကြီးဌာနက ညွှန်ကြားချက်ထုတ်ပြန်ခဲ့သည်။

ယခုပညာသင်နှစ်တွင် ကျောင်းများ ပုံမှန်မဖွင့်နိုင်ခြင်း၊ ပိတ်ထားခြင်းများကြောင့် ကျောင်းသား၊ ကျောင်းသူများ၏ သင်ကြား၊ သင်ယူမှုအခွင့်အလမ်းများဆုံးရှုံးနေပြီး လက်ရှိသင်ကြားနေသော သင်ခန်းစာကို အဆက်မပြတ်စေရန် ရုပ်မြင်သံကြားလိုင်းမှာ ထုတ်လွှင့်သင်ကြားခြင်းစနစ်အပြင် မီးမရရှိ၊ တီဗီမရှိသော ဝေးလံခေါင်ဖျားသော ဒေသများရှိ ကျောင်းသား၊ ကျောင်းသူများအတွက် ရေဒီယိုမှတစ်ဆင့်သင်ခန်းစာများကို ထုတ်လွှင့်မည်ဖြစ်သည်။

ယင်းသို့ထုတ်လွှင့်သင်ကြားခြင်းသည် အထက်တန်းအဆင့်များအတွက်သာဖြစ်ပြီး သင်ယူမှုများကို အဆက်မပြတ် စေရန်ဆောင်ရွက်ခြင်းဖြစ်ပြီး အတန်းတက်ခြင်း/အောင်ခြင်းများနှင့်သက်ဆိုင်မှုမရှိဘဲ အတန်းတက်ခြင်း/အောင်ခြင်းများအတွက် စာမေးပွဲစစ်ဆေးရမည်ဖြစ်ပြီး ရေဒီယိုလိုင်းနှင့်လွှင့်မယ့်အပိုင်းကို အစီအစဉ်တစ်မျိုးရေးဆွဲပြီး အသေးစိတ်ကို တော့ညှိနှိုင်းရဆောင်ရွက်ရမည်ဖြစ်၍ မြန်မာ့အသံရေဒီယိုလိုင်းတွင် ယခင်ထဲက B.ED စာပေး စာယူသင်တန်းများနဲ့ပတ်သက်၍ ရေဒီယို သင်ခန်းစာများရှိခဲ့ကြောင်း ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်းက ရှင်းပြသည်။

"ကလေးတွေကို ဒီအတိုင်းထားတာထက်စာရင် တစ်ခုခုကိုသင်ယူနိုင်အောင်လုပ်မှာပါ။ အရေးကြီးတာကတော့  သင်ယူချင်တဲ့စိတ်ရှိဖို့ပဲ။ သင်ယူချင်တဲ့စိတ်ရှိရင် ဘယ်လိုအခြေအနေမျိုးမှာပဲ ဖြစ်ဖြစ်သင်ယူနေကြမှာပဲ။ သင်ယူလိုတဲ့ စိတ်မရှိတဲ့လူတွေကတော့ ဘယ်လိုမှ အဆင်ပြေမှာမဟုတ်ဘူး။ ဒီအစီအစဉ်တွေကို ဆရာကိုယ်တိုင်သင်နေသလို ထိရောက်မှုရှိအောင် ကြိုးစားမှာပါ" ဟု ၎င်းကထပ်မံပြောကြားသည်။

မြန်မာနိုင်ငံတွင် မူလတန်း၊ အလယ်တန်း၊ အထက်တန်းများတွင် သင်ကြားနေသော ကျောင်းသား၊ ကျောင်းသူဦးရေမှာ ၁၀ သန်းခန့်ရှိပြီး အထက်တန်းတွင်သင်ကြားနေသော ကျောင်းသား၊ ကျောင်းသူဦးရေမှာ ၁ ဒသမ ၂ သန်းခန့်ရှိကြောင်း အခြေခံပညာဦးစီး ဌာနထံမှ သိရသည်။         

J-02