News

POST TYPE

NEWS

သြစတြေးလျရုပ်သံသတင်းထောက် တရုတ်တွင် ထိန်းသိမ်းခံရ
02-Sep-2020


ကမ်ဘာရာ၊ စက်တင်ဘာ ၁

သြစတြေးလျနိုင်ငံသူတစ်ဦးဖြစ်သည့် ထင်ရှားသော ရုပ်သံသတင်းတင်ဆက်သူ ချန်းလိုင်သည် တရုတ်အာဏာပိုင်များ၏ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံလိုက်ရကြောင်း BBC သတင်းဌာနကရေးသားဖော်ပြသည်။

တရုတ်ရုပ်သံသတင်းဌာန CGTN ၏ သတင်းတင်ဆက်သူ ချန်းလိုင်သည် ပြီးခဲ့သည့် သီတင်းနှစ်ပတ်ခန့်ကတည်းက  ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး မစ္စမာယိစ်ပိန်းက ပြောကြားသည်။

သြစတြေးလျနိုင်ငံသားများအနေနှင့် တရုတ်အာဏာပိုင်များ၏ ဖမ်းဆီးထိန်းသိမ်းမှုအန္တရာယ်များ တိုးလာနိုင်ကြောင်း သြစတြေးလျအစိုးရက ဇူလိုင်လကတည်းက သတိပေးထားသည်။

တရုတ်နိုင်ငံတွင် စတင်ဖြစ်ပွားခဲ့သည့် ကမ္ဘာ့ကပ်ရောဂါ ကိုရိုနာဗိုင်းရပ်စ်၏ မူလဇာစ်မြစ်ကို တရားဝင်စုံစမ်းစစ်ဆေးရန် သြစတြေးလျက ဦးဆောင်နှိုးဆော်ခဲ့ပြီးသည့် နောက်နှစ်နိုင်ငံအကြား ဆက်ဆံရေးတင်းမာမှု မြင့်တက်လာသည်မှာ ပြီးခဲ့ သည့်လများကတည်းကဖြစ်သည်။

သြစတြေးလျမှ ဝိုင်တင်သွင်းသည့်ကိစ္စကို ဒုတိယအကြိမ် စုံစမ်းစစ်ဆေးမှုပြုရန် တနင်္လာနေ့တွင် တရုတ်ကကြေညာလိုက်သည်။

နိုင်ငံခြားကုမ္ပဏီများနှင့် ပြည်နယ် အစိုးရများအကြား သဘောတူညီချက်များကို ဖျက်သိမ်းနိုင်သည့် ဥပဒေပြဋ္ဌာန်းရန် အစီအစဉ်ရှိကြောင်းပြီးခဲ့သည့် သီတင်းပတ်အတွင်း သြစတြေးလျ ပြည်ထောင်စုအစိုးရက ကြေညာလိုက်သည်။ အဆိုပါဥပဒေပြဋ္ဌာန်းရန် စီစဉ်မှုမှာ တရုတ်ကိုအဓိကဦးတည်ပုံရသည်ဟု ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်ကြသည်။

ရုပ်သံသတင်းတင်ဆက်သူ မစ္စချန်းကို သတ်မှတ်ထားသည့် နေရာတစ်ခုတွင် စောင့်ကြည့်ထိန်းသိမ်းထားပြီး စုံစမ်း မေးမြန်းမှုများပြုလုပ်ကာ ထောင်ဒဏ်ခြောက်လနှင့်အထက် ကျခံရဖွယ်ရှိသည်။

သို့သော် တရုတ်အစိုးရကမူ သူမ၏ အခြေအနေနှင့်ပတ်သက်၍ အတည်ပြုခြင်းမရှိသေးပေ။

မစ္စချန်းထိန်းသိမ်းခံရသည့် အကြောင်းကြားစာကို သြဂုတ်လ ၁၄ ရက်နေ့၌ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးဌာနက လက်ခံရရှိထားခြင်းဖြစ်သည်။

"သူမရဲ့မိသားစုအတွက်လည်း ကူညီထောက်ပံ့မှုတွေ ဆက်လက်လုပ်ဆောင်သွားပါမယ်" ဟု သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

မစ္စချန်းတွင် သြစတြေးလျ၌ နေထိုင်သည့် ကလေးငယ်နှစ်ဦးလည်းရှိသည်။ မိသားစုဝင်များနှင့် မိတ်ဆွေများ၏ အဆိုအရ သူမနှင့်အဆက်အသွယ်မရသည်မှာ ပြီးခဲ့သည့် သီတင်းပတ်များကတည်းကဖြစ်ကြောင်း သိရသည်။

CGTN (China Global Television Network) သည် တရုတ် အစိုးရ၏ CCTV ရုပ်သံလိုင်းက ပိုင်ဆိုင်သည့် အင်္ဂလိပ်ဘာသာဖြင့် ထုတ်လွှင့်သော ရုပ်သံလိုင်းတစ်ခုဖြစ်သည်။  

F-03