News

POST TYPE

NEWS

အရပ်သားလေးဦးသေဆုံးသည့် သံချပ်ကာယာဉ်တိုက်မှုဖြစ်ပြီးနောက် အမေရိကန်စစ်တပ်က တောင်ကိုရီးယားရှိ လေ့ကျင့်ရေးအစီအစဉ်အချို့ရပ်ဆိုင်း
02-Sep-2020


ဆိုးလ်၊ စက်တင်ဘာ ၁

တနင်္လာနေ့ (သြဂုတ် ၃၁) ညပိုင်းက တောင်ကိုရီးယား အရပ်သားလေးဦး သေဆုံးခဲ့သည့် သံချပ်ကာယာဉ်တစ်စီးယာဉ်တိုက်မှုဖြစ်စဉ် ပေါ်ပေါက်ခဲ့ပြီးနောက် လေ့ကျင့်ရေးအစီအစဉ်တစ်ခုကို ရပ်ဆိုင်းတော့မည်ဖြစ်ကြောင်း တောင်ကိုရီးယားရှိ အမေရိကန်စစ်တပ်ကွပ်ကဲရေးဌာနက ပြောကြားသည်။

ဆိုးလ်မြို့နှင့် မြောက်ကိုရီးယားနယ်စပ်အကြား ပိုချွန်းမြို့ရှိ အမေရိကန်၊ တောင်ကိုရီးယားစစ်တပ်များ၏ စက်ပစ်ကွင်းမှ ၅ ကီလိုမီတာအကွာ အများပြည်သူဆိုင်ရာ လမ်းတစ်ခု၌ တနင်္ဂနွေနေ့ ည ၉ နာရီခွဲခန့်က စစ်သုံးသံချပ်ကာယာဉ်နဲ့ SUV တစ်စီး တိုက်မိခဲ့ခြင်းဖြစ်ကြောင်း မီးသတ်ဌာနက ထုတ်ပြန်သည်။ 

ဖြစ်စဉ်အတွင်း SUV ကားပေါ်ပါသူ လေးဦးစလုံး သေဆုံးခဲ့ပြီး အမေရိကန်စစ်သားတစ်ဦး အသေးစားဒဏ်ရာများရခဲ့ကာ ဆေးရုံတင်ထားရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယာဉ်တိုက်မှုဖြစ်ခဲ့သည့် သံချပ်ကာယာဉ်သည် အမှတ် (၂) ကြည်းတပ်ရင်း၊ ROK/US Combine Division မှဖြစ်ကြောင်း ကိုရီးယားအမေရိကန်တပ်ဖွဲ့ (USFK) က ပြောဆိုသည်။ ယင်းတပ်ရင်းမှာ အမေရိကန်တပ်ရင်းမှူးနှင့် တောင်ကိုရီးယား ဒုတပ်ရင်းမှူးတို့ ဦးဆောင်ကာ အမေရိကန်၊ တောင်ကိုရီးယား နှစ်ဖက်စစ်သားများ ပါဝင်ဖွဲ့စည်းထားသည့် ပထမဦးဆုံးသော တပ်ရင်းဖြစ်သည်။

ဝမ်းနည်းဖွယ် မတော်တဆဖြစ်ရပ်၌ အသက်ဆုံးရှုံးခဲ့ရသူများ၊ မိသားစုဝင်များ၊ ချစ်ခင်ရင်းနှီးကြသူများနှင့်အတူ USFK က ထပ်တူဝမ်းနည်းကြေကွဲရပါကြောင်း၊ ၎င်းတို့အတွက် ကျွန်ုပ်တို့ရင်ထဲမှ ဆုတောင်းမေတ္တာပို့သပါကြောင်း ထုတ်ပြန်ခဲ့သည်။ အသက်ဆုံးရှုံးခဲ့သူများ၊ ကျန်ရစ်သူမိသားစုများကို လေးစားသောအားဖြင့် စစ်တပ်၏ ယင်းဧရိယာတွင် လေ့ကျင့်ရေးအစီအစဉ်များကို ယာယီရပ်ဆိုင်းလိုက်ကြောင်းလည်း ဆိုသည်။

၁၉၅၀-၅၃ ကိုရီးယားစစ်ပွဲကာလကတည်းက အမေရိကန်သည် ဒေသတွင်း ၎င်း၏စစ်တပ်ကို ဆက်လက်ထားရှိခဲ့ခြင်းဖြစ်ပြီး တောင်ကိုရီးယား၌ချထားတဲ့ အမေရိကန်တပ်ဖွဲ့ဝင်အား ၂၈,၅၀ဝ ခန့်ရှိသည်။

အမေရိကန်တပ်ဖွဲ့ဝင်များ ဆက်လက်ထားရှိရမှုအတွက် တောင်ကိုရီးယားဘက်က ကုန်ကျစရိတ်ကျခံရမည့် အတိုင်း အတာနှင့်ပတ်သက်ပြီး မဟာမိတ်နှစ်နိုင်ငံ အငြင်းပွားမှုရှိသည်။ စစ်ပွဲတစ်ခု ပေါ်ပေါက်လာလျှင် နိုင်ငံတွင်းရှိ တပ်ဖွဲ့ဝင်အားလုံးကို ထိန်းချုပ်ခွင့်ပေးရန်အတွက် တောင်ကိုရီးယားကလည်း အမေရိကန်ကို တွန်းအားပေးနေသည်။

F-04