News

POST TYPE

NEWS

လှည်းကူးမြို့သို့ရောက်ရှိနေသော စစ်ဘေးရှောင်မိသားစုအချို့ အင်းတကော်ဘက်သို့ ထပ်မံပြောင်းရွှေ့
02-Sep-2020

မိတ္ထီလာ၊ စက်တင်ဘာ ၁

ရခိုင်ပြည်နယ်တွင်ဖြစ်ပွားခဲ့သော စစ်ပွဲများကြောင့် လှည်းကူးမြို့သို့ ရောက်ရှိနေသော စစ်ဘေးရှောင် ချင်းတိုင်းရင်းသားမိသားစုအချို့ ပဲခူးတိုင်း အင်းတကော်မြို့နယ်ဘက်သို့ ထပ်မံပြောင်းရွှေ့ခဲ့ရကြောင်း ချင်းစစ်ဘေးရှောင်ပြည်သူများ အရေးပေါ်ကူညီရေးနှင့် ပြန်လည်ထူထောင်ရေးကော်မတီ (RRCCI) တွဲဖက်အတွင်းရေးမှူး ဦးပိုက်နန်းက ပြောကြားသည်။                                            

စစ်ပွဲများကြောင့် အမ်းမြို့နယ်ဒါးလက်ချောင်းကျေးရွာအုပ်စုမှ ရန်ကုန်တိုင်း လှည်းကူးမြို့နယ် ဝက်အင်းပေါက်ကျေးရွာသို့ ပြောင်းရွှေ့လာခဲ့သည့် ချင်းမိသားစုများအနက် အချို့သောမိသားစုများမှာ သြဂုတ်လကုန်ပိုင်းကစ၍ အင်းတကော်မြို့နယ်ဘက်သို့ ထပ်မံပြောင်းရွှေ့ခဲ့ရသည့်အတွက် နေစရာအိမ်နှင့် ရေ၊ မီး လိုအပ်လျက်ရှိသည်ဟု ၎င်းကပြောဆိုသည်။

“မိသားစုက ၁၂ စု၊ လူဦးရေက ၅၀ လောက်ရှိတယ်။ သြဂုတ် ၂၉ မှာ စရောက်တယ်။ အင်းတကော်နဲ့အလိုင်နီရွာကြား ထဲမှာချပေးထားတယ်။ နာမည်တော့မပေးရသေးဘူး။ သူတို့က ဇူလိုင်လ ၁ ရက်နေ့ကမှ ရန်ကုန်ကို ရောက်လာတဲ့သူတွေ။ လှည်းကူး မှာ တန်းလျားနဲ့နေရတဲ့အခါမှာ လူဦးရေများတဲ့အတွက် ကျန်းမာရေးနဲ့ မညီဘူးပေါ့။ကျွန်တော်တို့က နေရာရှာပေးပြီး သူတို့ကို ပြတယ်။ နေချင်တဲ့သူတွေကပြောင်းလာနေတာပေါ့။ တချို့လူတွေက လှည်းကူးမှာ ကျန်နေသေးတယ်။ ဟိုမှာတန်းလျား နှစ်ခုရှိတယ်။ တန်းလျားတစ်ခုမှာ မိသားစု ၁၆ စုလောက်နေရတယ်။ သူတို့ အိမ်ဆောက်ချင်တယ်၊ မြေနေရာ ခြံနေရာမရှိဘူးဖြစ်နေတယ်။ အဲဒါကြောင့် ခြံနဲ့ ဝင်းနဲ့နေရာလေး လိုချင်တယ်ဆိုလို့ ကျွန်တော်တို့က လိုက်ရှာပေးတာ”ဟု  ဦးပိုက်နန်းက ရှင်းပြသည်။                          
ယခုရောက်ရှိနေသောမြေနေရာမှာလည်း မြေပိုင်ရှင်ထံမှ တစ်နှစ် တစ်ကြိမ် စာချုပ်ဖြင့် ငှားရမ်းနေထိုင်ခြင်းဖြစ်ပြီး  နယ်မြေအေးချမ်းသွားပါက တိုက်ပွဲရှောင်လာသူများအနေနှင့် နေရပ်သို့ပြန်မည် ဖြစ်ကြောင်း၊ ယင်းမိသားစုများအတွက် နေစရာအိမ်၊ အဆောက်အအုံ၊ သောက်သုံး ရေတွင်းနှင့် ဆိုလာမီးများ အရေးပေါ်လိုအပ်နေသည်ဟု RRCCI တွဲဖက် အတွင်းရေးမှူးက ဆက်လက်ပြောဆိုသည်။                          

ရခိုင်ပြည်နယ်အတွင်းရှိ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပေါက်တော၊ မြေပုံ နှင့် အမ်းမြို့နယ်တို့တွင် အခြေချနေထိုင်ခဲ့ကြသော မြို၊ ချင်း၊ ရခိုင်၊ ရှမ်းစသည့်  တိုင်းရင်းသားမိသားစုများသည် ၂၀၁၉ ခုနှစ် နိုဝင်ဘာလမှစတင်ကာ နေရပ်စွန့်ခွာ၍ လှည်းကူးမြို့နယ် ဝက်အင်းပေါက်ကျေးရွာရှိ တိုက်ပွဲရှောင်စခန်းသို့ ရောက်ရှိလာခဲ့ကြ ခြင်းဖြစ်ပြီး လုံးချင်းတဲအိမ်နှစ်ရာကျော်နှင့် တဲတန်းလျားနှစ်လုံးတွင် စုစုပေါင်း လူဦးရေ ၈၀ဝ နီးပါး နေထိုင်လျက်ရှိသည်။                                            
ထိုသို့နေထိုင်လျက်ရှိရာ ကိုဗစ်-၁၉ ရောဂါ ဒုတိယလှိုင်းကြောင့် မိသားစုအသစ်များ ထပ်မံဝင်ရောက်လာမှုကို လက်မခံတော့ကြောင်း ဝက်အင်းပေါက်စခန်း တာဝန်ခံရုံးထံမှ စုံစမ်းသိရှိရသည်။                     

“အဲဒါကတော့ ကျွန်တော်တို့မလုပ် နိုင်တဲ့အပိုင်းပဲ။ သူတို့ထွက်ချင်လို့ ထွက်သွားတယ်ဆိုတော့လည်း မတတ်နိုင်ဘူးပေါ့နော်။ တတ်နိုင်သလောက် ဂရုစိုက်ပေးတယ်။ ကျွန်တော်တို့နဲ့ ပြဿနာဖြစ်လို့ ထွက်သွားတာမဟုတ်ဘူး။ ခေါ်တဲ့လူရှိလို့ သွားတာပဲ။ လွတ်လပ်စွာခေါ်ခွင့် သွားခွင့် ရှိပါတယ်”ဟု ဝက်အင်းပေါက် ကျေးရွာစခန်းတာဝန်ခံ ဦးရင်အောင်က ပြောဆိုသည်။               

R-01