News

POST TYPE

NEWS

အထက်တန်းအဆင့်ဘာသာရပ်များ ရုပ်မြင်သံကြားမှ ထုတ်လွှင့်သင်ကြားခြင်းစနစ် အောက်တိုဘာတွင် စတင်မည်
01-Sep-2020
ရန်ကုန်၊ စက်တင်ဘာ ၁

ယခုပညာသင်နှစ်တွင် ကျောင်းသား၊ ကျောင်းသူများ သင်ယူမှုအခွင့်အလမ်းမဆုံးရှုံးစေရန် ရုပ်မြင်သံကြားမှ ထုတ်လွှင့်သင်ကြားခြင်းစနစ်ကို အောက်တိုဘာလတွင်အစောဆုံးစတင်မည်ဖြစ်ကြောင်း အခြေခံပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်း ကပြောကြားသည်။

အဆိုပါရုပ်သံထုတ်လွှင့်ရာတွင် အထက်တန်းများကိုသာထုတ်လွှင့်မည်ဖြစ်ပြီး အထက်တန်းတွင် သင်ကြားနေသောဘာသာရပ် ၉ ခု ရေးဆွဲသည့် သင်ရိုးဥက္ကဋ္ဌများ၊ ရန်ကုန်တက္ကသိုလ်မှ သက်ဆိုင်သောပါမောက္ခဌာနမှူးများဦးဆောင်၍ ရေးဆွဲသွားမည်ဖြစ်ပြီး ရိုက်ကူးရာတွင်လည်း ဆရာ၊ ဆရာမကိုယ်တိုင်သင်ကြားမှုပုံစံမျိုးဖြစ်စေရန် ရိုက်ကူးသွားမည်ဖြစ်ပြီး အောက်တိုဘာလတွင်စတင်ထုတ်လွှင့်မည်ဖြစ်၍ ထုတ်လွှင့်မည့်အစီအစဉ်များကိုလည်းကြေညာပေးသွားမည်ဖြစ်သည်။

“အခမဲ့ရုပ်သံတွေကလွှင့်မှာပါ။ MRTV,MRTV-4,MWD, MNTV ပညာရေးရုပ်သံ၊ Skynet ရဲ့အခမဲ့ရုပ်သံတွေ ကနေလွှင့်အောင်လုပ်သွားမှာပါ။ သင်ခန်းစာတွေကို ရိုက်ကူးတည်းဖြတ်တဲ့ကိစ္စကတော့ Skynet ကကူညီပေးမယ်ပြောတယ်” ဟု ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်း ကပြောကြားသည်။

ယခုနှစ်တွင် ကျောင်းများပုံမှန်မဖွင့်နိုင်ခြင်း၊ ပိတ်ထားခြင်းများကြောင့် ကျောင်းသား၊ ကျောင်းသူများ၏သင်ကြား မှုအခွင့်အလမ်းများဆုံးရှုံးနေပြီး လက်ရှိသင်ကြားနေသော သင်ယူမှုများကိုအဆက်မပြတ်စေရန် ရုပ်မြင်သံကြားမှ ထုတ်လွှင့်သင်ကြားခြင်းစနစ်ကိုဆောင်ရွက်ခြင်းဖြစ်ပြီး အတန်းတက်ခြင်း ၊ အောင်ခြင်းများနှင့်သက်ဆိုင်မှုမရှိပဲ အတန်းတက်ခြင်း ၊ အောင်ခြင်းများအတွက် စာမေးပွဲစစ်ဆေးရမည်ဖြစ်၍ လက်ရှိအခြေအနေပေါ်မူတည်၍ဆောင်ရွက်ရမည်ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

ယခုနှစ်သည် Grade-4, Grade-7, Grade-10 တို့သင်ရိုးအသစ်များပြောင်းလဲသင်ကြားသည့်နှစ်ဖြစ်ပြီး အခြေခံ ပညာအထက်တန်းကျောင်းများကိုတစ်လကျော်နောက်ကျ၍ ဇူလိုင်လ ၂၁ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး ကျောင်းများဖွင့်ပြီး တစ်လအကြာတွင် ရခိုင်ပြည်နယ်မှစ၍ ကိုဗစ်-၁၉ရောဂါကူးစက်မှုပြန်လည်မြင့်ခဲ့သဖြင့် ရခိုင်ပြည်နယ်တွင် သြဂုတ်လ ၂၁ ရက်တွင်ကျောင်းများယာယီပိတ်ခဲ့ပြီး တစ်နိုင်ငံလုံးရှိကျောင်းများကို သြဂုတ်လ ၂၇ ရက်တွင်ထပ်မံ၍ ယာယီပိတ်ခဲ့သည်။

J-02