News

POST TYPE

NEWS

ကယားပြည်နယ်ဝန်ကြီးချုပ်ကို ပြည်နယ်လွှတ်တော်က စွပ်စွဲပြစ်တင်ကာဖြုတ်ချ
01-Sep-2020
ရန်ကုန်၊ စက်တင်ဘာ  ၁

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုကို စွပ်စွဲပြစ်တင်သည့် အဆိုကို စက်တင်ဘာလ ၁ ရက်နေ့က ကယားပြည်နယ်လွှတ်တော်တွင်မဲခွဲဆုံးဖြတ်ရာ အဆိုအောင်မြင်ခဲ့ပြီး ဝန်ကြီးချုပ်ကို စွပ်စွဲပြစ်တင်ကာ လွှတ်တော်က ဖြုတ်ချလိုက်သည်။

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုသည် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖောက်ဖျက်သည်ဟုဆိုကာ ယင်းသို့ ဝန်ကြီးချုပ်တာဝန် မထမ်းဆောင်သင့်သည့် စွပ်စွဲပြစ်တင်သည့် အဆိုကို ကယားပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက တင်သွင်းခဲ့ခြင်းဖြစ်ပြီး ကယားပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ၂၀ ဦး မဲခွဲဆုံးဖြတ်ရာ အဆိုကို ထောက်ခံဆန္ဒမဲပေးသူ ၁၆ ဦး ကန့်ကွက်မဲပေးသူ ၄ ဦးရှိခဲ့ကာ အဆိုအောင်မြင်ခဲ့ခြင်းဖြစ်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဌာန်းချက်အရ ယင်းသို့ ပြည်နယ်နှင့် တိုင်းဒေသကြီးဝန်ကြီးအနေနှင့် ဝန်ကြီးချုပ်တာဝန်ကို မထမ်းဆောင်သင့်ဟု ပြည်နယ်လွှတ်တော်က ဆုံးဖြတ်ခဲ့ပါက အဆိုပါဆုံးဖြတ်ချက်ကို ကယားပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက နိုင်ငံတော်သမ္မတထံ တင်ပြရမည်ဖြစ်ပြီး နိုင်ငံတော်သမ္မတက စွပ်စွဲပြစ်တင်ချက်ကို ရရှိပါက စွပ်စွဲပြစ်တင်ခြင်းခံရသည့် အဆိုပါ ပြည်နယ်နှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်ကို ရာထူးတာဝန်မှ ရပ်စဲရမည်ဖြစ်ကြောင်း ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဌာန်းထားသည်။

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုသည် ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၆၃ (က) ပါ ပြဋ္ဌာန်းချက်ဖြစ်သည့် နိုင်ငံတော်၏ ကျေးဇူးသစ္စာတော်ကို ဖောက်ဖျက်ခြင်း၊ ဖွဲ့စည်းပုံအခြခံဥပဒေပါ ပြဋ္ဌာန်းချက်ကို ဖောက်ဖျက်ကျူးလွန်ခြင်း၊ အကျင့်သိက္ခာပျက်ပြားခြင်း၊ ဝန်ကြီးချုပ် အရည်အချင်းပျက်ယွင်းခြင်း၊ စသည့် ပြဋ္ဌာန်းချက်များကို ဖောက်ဖျက်ကျူးလွန်သည်ဟုဆိုကာ အရေးယူဆောင်ရွက်ပေးရန် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၅ ဦးက လက်မှတ်ရေးထိုးက လွှတ်တော်ထံ သြဂုတ်လ ၁၂ ရက်နေ့က တင်ခဲ့ခြင်းဖြစ်သည်။

ယင်းစွပ်စွဲပြစ်တင်ချက်အပေါ် စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့ကာ စစ်ဆေးရန် ဆောင်ရွက်ခဲ့သော်လည်း ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက လာရောက်အစစ်ဆေးခံရန် ငြင်းဆိုခဲ့သည့်အတွက် စုံစမ်းစစ်ဆေးမှုကို ရပ်ဆိုင်းကာ လွှတ်တော်တွင် မဲခွဲဆုံးဖြတ်လိုက်ကြခြင်းဖြစ်သည်။

ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုကို ဆောက်လုပ်ရေးလုပ်ငန်းသုံး စက်ယန္တရားများ ငှားရမ်းခငွေအား ဘဏ္ဍာငွေစည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းများနှင့် မညီဘဲ သုံးစွဲနေမှု၊ အများပြည်သူပိုင်နေရာဖြစ်သော ကယားပြည်နယ်နေ့ ကျင်းပရာ ကယားဒေး (Kayah Day)ကွင်းအား စည်ပင်ပိုင်မြေနေရာအဖြစ်ပြောင်းပြီး လုပ်ငန်းရှင်များအား ပြန်လည်ငှားရမ်းနေမှုဟူသည့် အချက် ၂ ချက်ဖြင့် စွပ်စွဲပြစ်တင်ထားခြင်း ဖြစ်သည်။

ယင်းသို့ ပြည်နယ်ဝန်ကြီးချုပ်တစ်ဦးကို ပြည်နယ်လွှတ်တော်က စွပ်စွဲပြစ်တင်ကာ ဖြုတ်ချလိုက်ခြင်းသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ အစိုးရလက်ထက် ပထမဦးဆုံးဖြစ်လာမည်ဖြစ်ပြီး ပြီးခဲ့သည့် ဇွန်လ ၁၈ ရက်နေ့ကလည်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကို စွပ်စွဲပြစ်တင်သည့် အဆိုတစ်ရပ်ကို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် တပ်မတော်သားကိုယ်စားလှယ်များနှင့် ကြံ့ခိုင်ရေးပါတီကိုယ်စားလှယ်များ ပေါင်း၍တင်ခဲ့သော်လည်း အဆိုကို မဲခွဲခဲ့ရာတွင် လွှတ်တော်ကိုယ်စားလှယ်အများစုက ကန့်ကွက်သောကြောင့် အဆိုရှုံးနိမ့်ခဲ့သည်။ 

S-04