News

POST TYPE

NEWS

၀န်ထမ်းများကို နှစ်လစာ အတိုးမဲ့ထုတ်ချေးရန် အစိုးရစီစဉ်
01-Sep-2020
နေပြည်တော်၊ စက်တင်ဘာ ၁

ကိုဗစ်-၁၉ ကြောင့်ဖြစ်ပေါ်လာသည့် သက်ရောက်မှုများကို ကုစားနိုင်ရေးအတွက် နိုင်ငံ့ဝန်ထမ်းများကို နှစ်လ (လစာ) ကြိုတင်ထုတ်ပေး၍ အတိုးမဲ့ချေးငွေအဖြစ် သတ်မှတ်ပေးရန် အစိုးရကစီစဉ်လိုက်သည်။

အဆိုပါကိစ္စကို စီမံကိန်းဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းလက်မှတ်ဖြင့် ဝန်ကြီးဌာနများကို ဖြန့်ဝေလိုက်ခြင်းဖြစ်ပြီး နိုင်ငံတော်သမ္မတရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကလည်း ဟုတ်မှန်ကြောင်း အတည်ပြုသည်။

ကြိုထုတ်လစာ နှစ်လစာသည် ဝန်ထမ်းတစ်ဦးချင်းစီအလိုက် ဆိုင်းငံ့ကာလ ၆ လ နှင့် ပြန်ဆပ်ကာလ တစ်နှစ်ဟု သတ်မှတ်ထားပြီး ၂၀၂၀-၂၁ (လာမည့် အောက်တိုဘာလ ၁ ရက်တွင် ဘဏ္ဍာနှစ်စမည်) ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ဒုတိယဝန်ကြီး၏ ဖြန့်ဝေစာတွင် ပါရှိသည်။

ထို့ကြောင့် နိုင်ငံ့ဝန်ထမ်းများ၏ ရာထူးအလိုက်ဦးရေနှင့် အမှန်လိုအပ်ငွေစာရင်းကို ပြည်ထောင်စုအဆင့်ဌာနနှင့် အဖွဲ့အစည်းများသည် ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန ( ရုံးချုပ်) သို့ စက်တင်ဘာလ ၄ ရက်နေ့တွင်လည်းကောင်း၊ တိုင်းနှင့် ပြည်နယ်အဆင့်ဌာနနှင့် အဖွဲ့အစည်းများသည် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ရှိ ရသုံးမှန်းခြေငွေစာရင်းဌာနသို့ စက်တင်ဘာလ ၄ ရက်နေ့တွင်လည်းကောင်း နောက်ဆုံးထား၍ အမည်စာရင်းပေးပို့ရန် အကြောင်းကြားထားသည်ကိုလည်း တွေ့ရသည်။

အထက်ပါချေးငွေကိစ္စကို ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက သြဂုတ်လ ၃၁ ရက်နေ့ ရက်စွဲဖြင့် လက်မှတ်ရေးထိုး ဖြန့်ဝေထားခြင်းဖြစ်သည်။

S-01