News

POST TYPE

NEWS

မူဆယ်တွင် မိုးဖရဲအနည်းငယ်သာ အရောင်းအဝယ်ဖြစ်
01-Sep-2020
ဓာတ်ပုံ-ခွာညိုသစ်သီးပွဲရုံ

ရန်ကုန်၊ သြဂုတ် ၃၁

မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှတစ်ဆင့် တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချလျက်ရှိရာ မိုးဖရဲသီးအနည်းငယ်သာ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ခွာညိုသစ်သီးပွဲရုံထံမှ သိရသည်။

"အရောင်းအဝယ်အခြေအနေက ဒီအတိုင်းပါပဲ။ စစ်ဆေးမှုကကြာတယ်။  ကိုဗစ်ကြောင့်ယာဉ်မောင်းအစားထိုးတွေနဲ့ဆိုတော့ ဒီအတိုင်းပါပဲ။ အရောင်းအဝယ်က ဖရဲသီး၊ သခွားမွှေးကလည်း ရာသီချိန်မဟုတ်သေးတော့ မိုးဖရဲတွေ နည်းနည်းပါးပါး သွားနေတယ်" ဟု ခွာညိုသစ်သီးပွဲရုံမှ ဦးစိုင်းခင်မောင်က ပြောကြားသည်။

လက်ရှိတွင် Covid-19 ဖြစ်ပွားနေသည့် ကာလဖြစ်သည့်အတွက် ယာဉ်မောင်းအစားထိုးများဖြင့် တရုတ်နိုင်ငံဘက်သို့ တင်ပို့ရောင်းချရသည့်အတွက် ကုန်သွယ်မှုတွင် ကြန့်ကြာမှုများရှိနေပြီး ဖရဲသီးနှင့် သခွားမွှေးရာသီချိန် မဟုတ်သည့်အတွက် မိုးဖရဲအနည်းငယ်ကိုသာ တင်ပို့ရောင်းချနေကြောင်း ၎င်းကဆိုသည်။

သြဂုတ်လ ၃၁ ရက်နေ့တွင် မူဆယ်ကုန်သွယ်ရေးဇုန်သို့ မိုးဖရဲကား ၁၀ စီးခန့် ဝင်ရောက်ပြီး ရောင်းဈေးမှာ ၈၅၅ ဖရဲ တစ်တန်လျှင် တရုတ်ငွေယွမ် ၁၇၀ဝ မှ ၂၀ဝ၀ အထိပေါက်ဈေးရှိကာ ၂၁၁ ဒုံးကျည် ဖရဲတစ်တန်လျှင် ယွမ် ၁၅၀ဝ မှ ၁၈၀ဝ အထိပေါက်ဈေးရှိကြောင်း သိရသည်။

ထို့ပြင် နာနတ်သီးထွက်ရှိသည့် ရာသီ ဖြစ်သော်လည်း တရုတ်သို့တရားဝင် တင်ပို့ခွင့်မရှိသည့်အတွက် ပြည်တွင်းတွင်ပင် အရောင်းအဝယ်ပြုလုပ်နေရကြောင်း ယင်းပွဲရုံများထံမှ သိရသည်။ 

S-07