News

POST TYPE

NEWS

အေဂျက်ဇ်ကွင်းလယ်လူ ဗန်ဒီဘိခ်ကို ယခုတစ်ပတ်အတွင်း မန်ယူအသင်း ခေါ်ယူသွားရန်ရှိ
01-Sep-2020


မန်ချက်စတာ၊ သြဂုတ် ၃၁

မန်ယူအသင်းသည်အေဂျက်ဇ် ကြယ်ပွင့်ဗန်ဒီဘိခ်ကို ပေါင်သန်း ၄၀ ဖြင့် ယခု တစ်ပတ်အတွင်း ခေါ်ယူသွားရန်ရှိနေကြောင်း Dailymail က ဖော်ပြခဲ့သည်။ 

မန်ယူအသင်းအနေနှင့်ယခုတစ်ပတ်အတွင်း ရာသီကြို လေ့ကျင့်မှုများကိုပြန်လည်စတင်ခဲ့ပြီးနောက် နယ်သာလန် လက်ရွေးစင်ကိုခေါ်ယူရန် အနီးစပ်ဆုံးအခြေအနေသို့ ရောက်ရှိလာခဲ့သည်။ 

၎င်းအတွက် နှစ်သင်းကြား ဆွေးနွေးမှု အဆင်ပြေခဲ့ပြီးနောက် မန်ယူအနေနှင့်ဗန်ဒီဘိခ်ကို ၅နှစ်စာချုပ်ချုပ်ဆိုလိမ့်မည်ဟု သတင်းထွက်လာခဲ့သည်။ 

ထို့ပြင် ၎င်းလက်ရှိခံစားခွင့်ရနေသည့် တစ်ပတ်လုပ်ခပေါင် ၃၀,ဝ၀ဝ ထက်မြင့်မားသည့်လစာငွေတစ်ရပ်ကို ပေးချေရန်ရှိနေသည်။ 

ဗန်ဒီဘိခ်သည် ပြီးခဲ့သည့်တနင်္ဂနွေနေ့အထိ တစ်ဦးတည်းလေ့ကျင့်ခန်းများသာ ပြုလုပ်နေခဲ့ပြီး အပြောင်းအရွှေ့ကို စောင့်ဆိုင်းလျက်ရှိသည်။ 

ထို့ပြင် အေဂျက်ဇ်နှင့် ဟာသာဘာလင်တို့ ကစားခဲ့သည့် ခြေစမ်းပွဲစဉ်လူစာရင်းတွင် မပါဝင်ခဲ့ခြင်းကြောင့် ထွက်ခွာရန် ရေပန်းစားမှု မြင့်တက်လာခဲ့သည်။ 

အေဂျက်ဇ်နည်းပြအဲရစ်တန်ဟတ်က “သူ့ကိုရွေးချယ်ဖို့အတွက်အတားအဆီးတွေက အမှန်တကယ်ရှိနေပါတယ်။ ဘယ်လို အဆုံးသတ်မလဲဆိုတာကိုပဲ စောင့်ကြည့်နေပါတယ်”ဟု ပြောကြားထားသည်။

ငြိမ်းပြည့်