POST TYPE

NEWS

အများပိုင်ဘတ်စ်ကား နှစ်သစ်တွင် ပြေးဆွဲနိုင်ဖွယ်မရှိ

ရန်ကုန်၊ ဒီဇင်ဘာ ၁ဝ

ရန်ကုန်မြို့တော်အတွင်း သယ်ယူပို့ဆောင်ရေး စနစ်သစ် ဖြစ်သော အများပိုင် ဘတ်စ်ကားလိုင်း ပြေးဆွဲမှုကို ၂ဝ၁၆ ခုနှစ် ဒီဇင်ဘာလကုန်တွင် စတင်မည်ဟု တိုင်းအစိုးရအဖွဲ့က ပြောဆိုထားသော်လည်း လက်တွေ့တွင်မူ ၂ဝ၁၇ ခုနှစ်အတွင်း ပြေးဆွဲမှု အကောင်အထည်ဖော်ဆောင်နိုင်ခြင်း မရှိသေးကြောင်း ခရိုင်ယာဉ်လိုင်း ကော်မတီများက သုံးသပ် ပြောဆိုသည်။

“ဘယ်လို မူဝါဒနဲ့ သွားမယ်ဆိုတာ အခုထိ တိတိကျကျ မပြောသေးဘူး။ အများပိုင် ဖွဲ့ဆိုလို့ ဖွဲ့ပြီးပြီ။ ဒါကို တရားဝင် မဟုတ်ဘူး။ ပြန်ဖွဲ့မယ်လို့ ဝန်ကြီးက ပြောတယ်။ ၂ဝ၁၇ ခုနှစ်အတွင်း အများပိုင် ပြေးဆွဲနိုင်ခြင်း မရှိဘူးလို့ ခန့်မှန်းတာ ဖြစ်နိုင်တယ်”ဟု အများပိုင် ဘတ်စ်ကား ကုမ္ပဏီတွင် ပါဝင် ပြေးဆွဲမည့် ပါဝါ အလဲဗင်း အများပိုင် ဘတ်စ်ကား ကုမ္ပဏီလီမိတက် ဥက္ကဋ္ဌ ဦးတရုတ်လေးက ဆိုသည်။

အများပိုင် ဘတ်စ်ကား ပြေးဆွဲခြင်းတွင် အဆင့်ဆင့် ဆောင်ရွက်ရမည့် အချက်များရှိပြီး ပြေးဆွဲနိုင်ရန် အများပိုင် ကုမ္ပဏီ ဖွဲ့စည်းပြီးမှသာ နောက်ထပ် အဆင့်များကို ဆက်လက် လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။

“အခုက ကုမ္ပဏီ ဖွဲ့စည်းတာတင် ကြာနေပြီ မပြီးသေးဘူး။ နောက်ပိုင်း ယာဉ် တင်သွင်းတဲ့ အဆင့်တောင် မရောက်သေးတော့ ကြားဦးမယ်။ ၉၅ ခုနှစ် မော်ဒယ် အထက် ယာဉ်တွေနဲ့ အသက်ဝင်အောင် အရင် လုပ်ပြီးမှ ယာဉ်အသစ် ဝယ်မယ်လို့ ကြားတယ်”ဟု ၎င်းက ဆိုသည်။

ယာဉ်အသစ် ဝယ်ယူမှုသည့် အဆင့်သည် အချိန်ပေးရန် လိုအပ်သည့်အတွက် ကာလ တစ်ခုကို စောင့်ဆိုင်းရမည်ဖြစ်ပြီး လက်ရှိတွင် ယာဉ်အသစ် ဝယ်ယူရန် အခက်အခဲ ရှိကြောင်း ဦးတရုတ်လေးက ဆက်လက် ပြောကြားသည်။

ရန်ကုန်မြို့တွင် အများပိုင် ဘတ်စ်ကား ကုမ္ပဏီ ယာဉ်လိုင်းများ စတင် ပြေးဆွဲခြင်းနှင့် ပတ်သက်ပြီး ခန့်မှန်းကာလတွင် ပြေးဆွဲနိုင်ခြင်း မရှိခြင်း၊ လက်ရှိအချိန်အထိ ကုမ္ပဏီ ဖွဲ့စည်းမှု မပြီးစီးနိုင်ခြင်းကြောင့် ၂ဝ၁၇ ခုနှစ်အတွင်း ပြေးဆွဲမှု အဆင့်ကို အကောင်အထည် ဖော်နိုင်မည် မဟုတ်ကြောင်း ခရိုင်ယာဉ်လိုင်း ကော်မတီများထံမှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီး အများပြည်သူ သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ အနေနှင့် အများပြည်သူ သယ်ယူ ပို့ဆောင်ရေးတွင် ၂ဝ၁၆ ခုနှစ် မေလက အများပိုင် ဘတ်စ်ကား ကုမ္ပဏီ ဖွဲ့စည်းကာ ပြေးဆွဲမှု အဆင့်ကို ပထမအကြိမ် အောက်တိုဘာလတွင် ပြေးဆွဲနိုင်မည်ဟု ခန့်မှန်းခဲ့ပြီး ဒုတိယအကြိမ်အဖြစ် ဒီဇင်ဘာ လကုန်ပိုင်းမှသာ ပြေးဆွဲနိုင်မည်ဟု ပြောဆိုခဲ့သည်။

“ပြေးဆွဲမှုကို ဘယ်တော့ စမယ်လို့ အတိအကျ မပြောနိုင်ဘူး။ ၂ဝ၁၇ နှစ်ဆန်းပိုင်းမှာ ဖြစ်နိုင်တယ်။ ၂ဝ၁၇ ခုနှစ်အတွင်းတော့ သေချာတယ်။ ပြေးဆွဲနိုင်ခြင်း မရှိဘူးလို့ ခန့်မှန်းတဲ့သူတွေက ဒီလိုပဲ ပြောကြမှာပဲလေ။ မစလို့ မရဘူး။ စကို စရတော့မှာ”ဟု ရန်ကုန် တိုင်းဒေသကြီး အများပြည်သူ သယ်ယူ ပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ အတွင်းရေးမှူး ဒေါက်တာ မောင်အောင်က ဆိုသည်။

လက်ရှိ အများပိုင် ဘတ်စ်ကား ကုမ္ပဏီ ရှစ်ခု ထားရှိရန် ညှိနှိုင်းနေဆဲ ဖြစ်ပြီး နှစ်ဆန်းပိုင်းတွင် ကုမ္ပဏီ သုံးခု၊ လေးခုခန့် ဖွဲ့စည်းမှု ပြီးနိုင်မည်ဖြစ်ကြောင်း၊ ကျန်ကုမ္ပဏီများမှာ ယာဉ်ဝယ်ယူမှု၊ ဖွဲ့စည်းမှု မပြီးနိုင်ကြောင်း ၎င်းက ပြောကြားသည်။

လက်ရှိ အခြေနေအရ ကုမ္ပဏီများ စုဖွဲ့မှုကို တိုင်းအစိုးရအဖွဲ့က တာဝန်ယူ ဆောင်ရွက်နေပြီး စီမံဆဲကာလတွင် ဆောင်ရွက်မှု အဆင့်ဆင့်ကို မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေး ကြီးကြပ်မှု (ဗဟို) ကော်မတီထံ အသိပေး အကြောင်း ကြားခြင်း မရှိကြောင်း အဆိုပါ ကော်မတီ ဥက္ကဋ္ဌ ဦးလှအောင်က ပြောကြားသည်။

“လုပ်ငန်းစဉ် တစ်ခုကို သေချာ မသိဘဲ မဝေဖန်ချင်ဘူး။ ဖွဲ့စည်းမှု အခြေအနေ ဘယ်အတိုင်းအတာ ရှိနေပြီဆိုတာကို မထသကို တင်ပြခြင်း မရှိဘဲနဲ့ အာဏာပိုင် အဖွဲ့ကပဲ ဆောင်ရွက်နေတာ ဖြစ်တယ်”ဟု ၎င်းက ဆိုသည်။

တိုင်းအစိုးရအဖွဲ့ အနေနှင့် ၂ဝ၁၇ ခုနှစ်တွင် ပြေးဆွဲရန် ကြိုးစားနေသည်ဟု သိထားပြီး မည်သည့်ပုံစံဖြင့် ပြေးဆွဲမည်ကို မသိရသေးကြောင်း၊ ညွန်ကြားထားသည့်အတိုင်း အများပိုင် ကုမ္ပဏီ ဖွဲ့စည်းမှုပြီးကာ ကုမ္ပဏီ ရှစ်ခုသာ ထားရှိရန် ပေါင်းစပ် လုပ်ကိုင်နေကြောင်း အများပိုင် ဘတ်စ်ကား ကုမ္ပဏီအောက်တွင် ပြေးဆွဲမည့် ရန်ကုန် မြောက်ပိုင်း အများပိုင် သယ်ယူပို့ဆောင်ရေး ကုမ္ပဏီ မန်နေဂျင်း ဒါရိုက်တာ ဦးအောင်ဝင်းက ပြောကြားသည်။

“ပြေးဆွဲနိုင်မှာ မဟုတ်ဘူးလို့ အတိအကျ မပြောချင်ဘူး။ လက်ရှိက ဒေါ်လာ ဈေးတွေတက်နေတော့ ကားဈေးက လိုက်တက်နေတာပေါ့။ ပြေးဆွဲဖို့က အခက်အခဲတွေ အများကြီး ရှိသေးတယ်။ အချိန် တစ်ခုတော့ စောင့်ရဦးမယ်လို့ပဲ ပြောချင်ပါတယ်”ဟု ၎င်းက ဆိုသည်။

အများပိုင် ဘတ်စ်ကား ကုမ္ပဏီ တစ်ခုတွင် ယာဉ် ၁၅ဝ စီးခန့် ထားရှိမည်ဖြစ်ပြီး ရန်ကုန်မြို့တော်၏ အဓိက လမ်းမကြီး ၂ဝ တွင် အဆိုပါ ကုမ္ပဏီယာဉ်များသာ ပြေးဆွဲခွင့် ရှိမည်ဖြစ်ကြောင်း ရန်ကုန် တိုင်းဒေသကြီး အများပြည်သူ သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ထံမှ သိရသည်။

J-06