News

POST TYPE

NEWS

ပုသိမ်မြစ်ကူး တံတားသစ်တွင် CCTV များ တပ်ဆင်ပြီးစီး
15-Aug-2020
ဓာတ်ပုံ-မောင်မျိုးထက်

ပုသိမ်၊ သြဂုတ် ၁၅  

ဧရာဝတီတိုင်း ပုသိမ်မြို့ရှိ ငဝန်မြစ်ပေါ်တွင်တည်ဆောက်နေသည့် ပုသိမ်မြစ်ကူးတံတားသစ်တွင် CCTV ကင်မရာ ၃၂ လုံး တပ်ဆင်ထားပြီးဖြစ်ကြောင်း တိုင်းအစိုးရရုံးထံမှ သိရသည်။   

ယင်းတံတားသည် ပုသိမ်မြို့လယ်အချက်အခြာကျသည့်နေရာတွင်ရှိနေပြီး တံတားလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး အတွက် ပြည်ထောင်စုဘတ်ဂျက် ရန်ပုံငွေ ကျပ် ၂၅၄ သိန်းဖြင့် CCTV ကင်မရာများ တပ်ဆင်ခဲ့ခြင်းဖြစ်ကြောင်း ဧရာဝတီတိုင်း အစိုးရအဖွဲ့မှ လျှပ်စစ်စွမ်းအင်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက The Voice Daily သို့ ပြောကြားသည်။ 

"တံတားကလည်းကြီးတော့ အဲဒီမှာလုံခြုံရေးလိုအပ်ပါတယ်။ သွားတဲ့လာတဲ့အခါမှာလည်း လုံခြုံရေးစိတ်ချရဖို့လိုတယ်။ ပလက်ဖောင်းပေါ်မှာ လမ်းလျှောက်မယ့်သူတွေရှိမယ် ရှုခင်းကြည့်သူ၊ မနက်ခင်းလမ်းလျှောက်သူ တွေပေါ့။အဲ့ဒါအတွက်ကို လုံခြုံရေးအတွက် CCTV ကင်မရာတပ်တာပါ"ဟု ၎င်းကရှင်းပြသည်။ 

လက်ရှိတွင် ပုသိမ်မြစ်ကူးတံတားအမှတ် ၂ တည်ဆောက်မှုသည် ၉၆ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကာ စက်တင်ဘာလအတွင်း ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်နေကြောင်း၊ လက်ရှိအသုံးပြုနေသည့် ပုသိမ်မြစ်ကူး သံမဏိကြိုးတံတားမှာ ခံနိုင်ဝန်လျော့ကျ နေသဖြင့် တန် ၂၀ နှင့်အောက်ယာဉ်များကိုသာ ဖြတ်သန်းသွားလာ ခွင့်ပြုထားကြောင်း ဦးဝင်းဌေးကဆက်လက်ပြောဆိုသည်။ 


ဓာတ်ပုံ-မောင်မျိုးထက်

"ပုသိမ်မြို့ရဲ့ထင်ရှားတဲ့ LAND MAKES ဖြစ်လာမယ့်တံတားပါ။ ပုသိမ်မြို့ အနောက်ဘက်ကမ်းမှာရှိတဲ့ ရပ်ကွက် ၉ နဲ့ ရပ်ကွက် ၁၀ ရယ်၊ လက်ပန်၊ကြက်ပေါင်စတဲ့ဒေသတွေအပြင် ချောင်းသာ၊ ငွေဆောင်၊ရွှေသောင်ယံကမ်းခြေတွေနဲ့ ဧရာဝတီတိုင်းကနေ ရခိုင်ပြည်နယ်ကိုလည်း ကမ်းခြေပတ်လမ်းတွေကတစ်ဆင့်သွားလာနိုင်မှာပါ"ဟု ပုသိမ်မြို့ခံ ဦးဝင်းအော်က ပြောဆိုသည်။ 

ပုသိမ္တံတား အမှတ် ၂ ကို၂၀၁၈ ခုနှစ် အောက်တိုဘာလကစ၍ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာန၊ တံတား အထူးအဖွဲ့ ၁၆ က တာဝန်ယူတည်ဆောက်နေခြင်းဖြစ်ပြီး အရှည်ပေ ၂၃၈၀ ၊ ယာဉ်သွားလမ်း အကျယ် ၂၈ ပေ၊ လူသွားလမ်း တဘက်မှာ ၅ ပေ၊ မြစ်နှင့်တံတား ရေလမ်းကင်းလွတ်အကျယ် ၄၁၆ ပေနှင့် အမြင့်ပေ ၆၀ ရွိ သံမဏိသံပေါင်ခုံးတံတားဖြစ်ကာ ကျပ် ၂၈ ဒသမ ၅ ဘီလီယံအကုန်ကျခံတည်ဆောက်နေခြင်းဖြစ်ကြောင်း ဧရာဝတီတိုင်းအစိုးရအဖွဲ့ထံမှ ထပ်မံသိရသည်။

R-04