News

POST TYPE

NEWS

အသေးစားဓာတ်အားပေးစနစ် တည်ဆောက်ရန် လုပ်ငန်းသဘောတူ လက်မှတ်ရေးထိုး
14-Aug-2020
ရန်ကုန်၊ သြဂုတ် ၁၃

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အမျိုးသား လျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း (မဟာဓာတ်အားလိုင်းပြင်ပအစီအစဉ်) ဖြင့် CFP-3 batch 2 အသေးစားဓာတ်အားပေးစနစ်များ တည်ဆောက်ရန်အတွက် လုပ်ငန်းသဘောတူ လက်မှတ်ရေးထိုးလိုက်ကြောင်း ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနထံမှ သိရသည်။

သဘောတူလက်မှတ်ကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် လုပ်ငန်းဆောင်ရွက်မည့်ကုမ္ပဏီများ၊ ဆောင်ရွက်မည့်ကျေးရွာမှ မီးလင်းရေးကော်မတီဝင်များက နေပြည်တော်၊ ရုံးအမှတ် ၃၆ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတွင် ရေးထိုးခဲ့ခြင်းဖြစ်သည်။

သဘောတူညီချက်အရ ဆောင်ရွက်မည့်လုပ်ငန်းများအနေနှင့် ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ် ဘန့်ဘွေးကုန်းကျေးရွာနှင့် ရေတာကျေးရွာတွင် ဆိုလာအသေးစားဓာတ်အားပေးစနစ် 158 kW၊ ဟင်္သာတမြို့နယ်၊ ပဲကြီးကျွန်းကျေးရွာတွင် 132 kW နှင့် တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ် အောင်မြန်မာကျေးရွာနှင့် ကံပုံမာတန်းကျေးရွာတွင် 171.6 kW တို့ကို Mega Global Green Automation Co., Ltd. က ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ် ကိုင်းသောင်းကျေးရွာတွင် ဆိုလာအသေးစားဓာတ်အားပေးစနစ် 134kW ကို Kyocera Communication Systems Kinetic Myanmar Co., Ltd. က တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ပြီး အိမ်ခြေပေါင်း ၁,၆၀ဝ ကျော်မှ လျှပ်စစ်ဓာတ်အား ၂၄ နာရီ သုံးစွဲနိုင်မည်ဖြစ်ပြီး အသေးစားစက်မှုလက်မှုလုပ်ငန်းများလည်း ဆောင်ရွက်နိုင်တော့မည် ဖြစ်ကြောင်း သိရသည်။

သဘောတူလက်မှတ်ရေးထိုးပွဲသို့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော် တက်ရောက် အမှာစကားပြောကြားခဲ့ပြီး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ညိုညိုဝင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမောင်ဝင်း နှင့် သက်ဆိုင်ရာတာဝန်ရှိသူများ၊ လုပ်ငန်းဆောင်ရွက်မည့် ကုမ္ပဏီများမှတာဝန်ရှိသူများ၊ ကျေးရွာမီးလင်းရေးကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။

အသေးစားလျှပ်စစ်ဓာတ်အားပေးစနစ်များကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ၆၀ ရာခိုင်နှုန်း၊ ကျေးလက်နေပြည်သူတို့က ၂၀ ရာခိုင်နှုန်း၊ လုပ်ငန်းဆောင်ရွက်မည့်ကုမ္ပဏီ ၂၀ ရာခိုင်နှုန်းဖြင့် အသီးသီးထည့်ဝင် ဆောင် ရွက်ခြင်းဖြစ်သည်။ 

S-07