News

POST TYPE

NEWS

ချောက်တွင် လျှပ်စစ်ယူနစ်ပျောက်ဆုံးမှုရာခိုင်နှုန်းများ၍ ဒစ်ဂျစ်တယ်မီတာများဖြင့် လဲလှယ်တပ်ဆင်
14-Aug-2020


ချောက်၊ သြဂုတ် ၁၃

ချောက်မြို့နယ် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းအနေနှင့် လျှပ်စစ်ယူနစ်ပျောက်ဆုံးမှုပမာဏ ၁၅ ရာခိုင်နှုန်းထက် ကျော် လွန်နေသဖြင့် ဒစ်ဂျစ်တယ်မီတာများဖြင့် အစားထိုးလဲလှယ်ခြင်းလုပ်ငန်းများကို  ဆောင်ရွက်လျက်ရှိသည်ဟု ချောက်မြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးထံမှ သိရသည်။

"ဘာလို့လဲရတာလည်းဆိုတော့ ချောက်မြို့နယ်က ပျောက်ဆုံးယူနစ်များလို့။ ပျောက်ဆုံးယူနစ်က ၁၅ ရာခိုင်နှုန်း ကျော်နေတယ်။ နိုင်ငံတော်အစီအစဉ်အရ ၁၅ ရာခိုင်နှုန်းအောက်ချခိုင်းတာ။ တခြားမြို့တွေကကျသွားပြီး ကျွန်တော်တို့ချောက်တစ်မြို့ပဲကျန်နေတာ။ ဒါကြောင့် ၁၅ ရာခိုင်နှုန်းအောက် ကျဆင်းအောင်လို့ အန်ဒါလော့မီတာတွေကို ဒစ်ဂျစ်တယ်မီတာတွေနဲ့ ပြောင်းလဲတပ်ဆင်တာ" ဟု မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးထက် အောင်နိုင်က ပြောကြားသည်။

ချောက်မြို့နယ်အတွင်း ၁၉၈၆ ခုနှစ်ကစ၍ အသုံးပြုနေသော နှစ်ကြာအန်ဒါလော့မီတာများနှင့် လက်ရှိ ရပ်၊ ပျက်၊ နှေးဖြစ်နေသော အန်ဒါလော့မီတာများကို ဒစ်ဂျစ်တယ်မီတာများဖြင့် အစားထိုးလဲလှယ် တပ်ဆင်ခြင်းဖြစ်သည်ဟု ၎င်းကရှင်းပြသည်။

ယင်းအစားထိုးမီတာလဲလှယ်တပ်ဆင်ခြင်းလုပ်ငန်းကို ၂၀၁၉ ခုနှစ် ဇူလိုင်လ၊ သြဂုတ်၊ စက်တင်ဘာလတို့တွင် ၅/၃၀  အမ်ပီယာ ဒစ်ဂျစ်တယ်မီတာ ၂၄၀ လုံး တပ်ဆင်ခဲ့ပြီး ဒုတိယအကြိမ်တွင် ၁၁၆၁ လုံး လဲလှယ်တပ်ဆင်ခဲ့ကာ ယခုတတိယအကြိမ် လဲလှယ်တပ်ဆင်ခြင်းလုပ်ငန်းကို ယခုလအတွင်း ၁၀/၆၀ အမ်ပီယာ ဒစ်ဂျစ်တယ်မီတာ ၁၈၃ လုံးလဲလှယ်တပ်ဆင်မည်ဖြစ်ကြောင်း၊ ချောက်မြို့တွင် အန်ဒါလော့မီတာ အလုံးကိုးထောင်ကျော်ကို အသစ်ပြန်လည်လဲလှယ်တပ်ဆင်ရမည်ဖြစ်ရာ လက်ရှိတွင် ဒစ်ဂျစ်တယ်မီတာ ၁၅၈၄ လုံး အသစ်အစားထိုးလဲလှယ်တပ်ဆင်ပြီးဖြစ်ကြောင်း ချောက်မြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးထံမှ ထပ်မံသိရသည်။

ချောက်မြို့တွင် လျှပ်စစ်ယူနစ် ပျောက်ဆုံးမှုများနေသည့်အတွက် နှစ်ကြာမီတာများနှင့် ရပ်၊ ပျက်၊ နှေး မီတာများကို  အသစ်အစားထိုးလဲလှယ်တပ်ဆင်ခြင်း လုပ်ငန်းအပြင် လျှပ်စစ်ဓာတ်အားလိုင်း ကြိုးသေးနေသော ကြေးကြိုး နံပါတ် ၈၊ ၁၁ လိုင်းကြိုးများနှင့် ဒန်ကြိုးများနေရာတွင် ကာဘာကေဘယ် ၉၅ ကြိုးများဖြင့် အသစ်လဲလှယ်လိုင်းဆွဲခြင်းလုပ်ငန်းတို့ကို ဆောင်ရွက်နေသည်ဟု ဦးထက်အောင်နိုင်က ထပ်မံပြောဆိုသည်။    

R-11