News

POST TYPE

NEWS

အီသီယိုးပီးယား မတည်မငြိမ်မှုများတွင်ပါဝင်ပတ်သက်သူ ၉၀ဝ၀ ကျော်ဖမ်းဆီးခံရ၍ နိုင်ငံရေးစနစ်နောက်ကြောင်း ပြန်လှည့်မည်ကို ပြည်သူများစိုးရိမ်
14-Aug-2020


အဒစ်အဘာဘာ၊ သြဂုတ် ၁၃

အီသီယိုးပီးယားနိုင်ငံတွင် ပြီးခဲ့သည့်လက ဆူပူအုံကြွမှုကြီးဖြစ်ပေါ်ခဲ့ပြီးနောက် အစိုးရအာဏာပိုင်များက ဆန္ဒပြမှုနှင့်ဆက်စပ်နေသူ လူ ၉၀ဝ၀ ကျော်ကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်ဟု လူ့အခွင့်အရေးကော်မရှင်က အတည်ပြုပြောကြားကြောင်း Reuters သတင်းဌာနက ရေး သားဖော်ပြသည်။ 

အဆိုပါဖြစ်ရပ်ကြောင့် အီသီယိုးပီးယား၏ နိုင်ငံရေးပြုပြင်ပြောင်းလဲရေးလမ်းကြောင်းမှာ နောက်ကြောင်းပြန်လှည့်ပြီး အတိတ်ကလို ဖိနှိပ်ချုပ်ခြယ်သည့်စနစ်သို့ ဦးတည်နေပြီလောဆိုသည့် မေးခွန်းများလည်း နိုင်ငံရေးလေ့လာစောင့်ကြည့်သူများအကြား ကျယ်ကျယ် ပြန့်ပြန့် ထွက်ပေါ်လျက်ရှိသည်။ 

အာဖရိကတိုက်၌ ဖိနှိပ်မှုအများဆုံးဖြစ်ပေါ်ခဲ့သည့်နိုင်ငံဖြစ်သော အီသီယိုးပီးယားကို ဒီမိုကရေစီပြုပြင်ပြောင်း လဲမှုများပြုလုပ်ပေးမည်ဟု ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် အာဏာစတင်ရရှိစဉ် ကတိပေးပြောခဲ့သူ အီသီယိုးပီးယားဝန်ကြီးချုပ်  အဘီအာမက်သည် မတူကွဲပြားသည့် တိုင်းရင်းသားလူမျိုးစု အမျိုးသားရေးဝါဒများ ခေါင်းထောင်လာမှုကို ထိန်းချုပ်ရန်  ကြိုးစားလျက်ရှိသည်။ 

အဆိုပါ တိုင်းရင်းသားလူမျိုးနွယ်စုများ၏ အမျိုးသားရေးဝါဒများခေါင်းဆောင်မှုကြောင့် အီသီယိုးပီးယားတွင် မတည်မငြိမ်မှုများနှင့် ဆူပူအြွုံကမှုများ ဖြစ်ပေါ်ခဲ့သည်။ 

ဝန်ကြီးချုပ်အဘီအာမက်ဦးဆောင်သောအစိုးရလက်ထက် ပြုပြင်ပြောင်းလဲမှုများက ယခင်ကတည်းက ရှိနှင့်ခဲ့သော မြေယာ၊ သယံဇာတနှင့် ဒေသအစိုးရအဖွဲ့၏လုပ်ပိုင်ခွင့်အာဏာဆိုင်ရာ အငြင်းပွားမှုများကိုပြန်လည်ကြီးထွားစေခဲ့သည်။ 

လက်ရှိအနေအထားတွင် အဘီအာမက်အနေနှင့် အီသီယိုးပီးယားနိုင်ငံသားများကို အကာအကွယ်ပေးရေးနှင့်ပတ်သက်၍ စိန်ခေါ်မှုကြီးနှင့် တစ်ဖက်တွင်ရင်ဆိုင်နေရပြီး အခြားတစ်ဖက်တွင် ၎င်းအား နိုဗယ်လ်ငြိမ်းချမ်းရေးဆုရရှိအောင် ပံ့ပိုးပေးခဲ့သည့် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးဆိုင်ရာ ကတိကဝတ်များကို ဆက်လက်ထိန်းသိမ်းရန် ကြိုးပမ်းနေရသည်။ 

လာမည့် ၂၀၂၁ ခုနှစ်တွင် အီသီယိုးပီးယားနိုင်ငံအတွက် လွတ်လပ်ပြီးမျှတမှုရှိသော ရွေးကောက်ပွဲကျင်းပပေးသွားမည်ဖြစ်သည်ဟု ၎င်းကဆိုထားသည်။ 

သို့သော် ပြီးခဲ့သည့် ဇွန်လ ၂၉ ရက်နေ့ကတည်းကစ၍ နိုင်ငံတစ်ဝန်း ပေါ်ပေါက်ခဲ့သော မတည်မငြိမ်မှုများနှင့်ပတ်သက်ပြီး လူပေါင်း ၉၀ဝ၀ ကျော်ခန့်ဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း၊ မတည်မငြိမ်မှုများအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် လူ ၁၇၈ ဦး သေဆုံးခဲ့ရကြောင်း လူ့အခွင့်အရေး ကော်မရှင်ကဆိုသည်။         

F-01