News

POST TYPE

NEWS

မန္တလေးတိုင်း အသေးစားနှင့်လက်လုပ်လက်စား ကျောက်မျက်ရတနာဥပဒေ တိုင်းလွှတ်တော်အတည်ပြု
13-Aug-2020


မန္တလေး၊ သြဂုတ် ၁၂

မန္တလေးတိုင်း အသေးစားနှင့် လက်လုပ်လက်စား ကျောက်မျက်ရတနာ ဥပဒေကို သြဂုတ်လ ၁၂ ရက်ကကျင်းပ သည့် မန္တလေးတိုင်းလွှတ်တော် ပုံမှန်အစည်းအဝေး(၁၁ ရက်မြောက်နေ့) တွင် အတည်ပြုလိုက်ပြီဖြစ်သည်။

ဥပဒေပြုရေးဆိုင်ရာကော်မတီနှင့် လွှတ်တော်ကိုယ်စားလှယ် ငါးဦးတို့သည် ဥပဒေမူကြမ်းပါ အချက်အလက်များကို လေးရက်ကြာ ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်အတည်ပြုခဲ့ပြီးဖြစ်သဖြင့် မန္တလေးတိုင်းအတွက် ကျောက်မျက်ရတနာဥပဒေကို အတည်ပြုပေးရန် ဥပဒေများ လေ့လာသုံးသပ် ပြင်ဆင်ရေးဆွဲရေးအဖွဲ့ ဥက္ကဋ္ဌ တာဝန်ယူထားသည့် ငါန်းဇွန်မဲဆန္ဒနယ် အမှတ်-၂ မှ မန္တလေးတိုင်းလွှတ်တော် ကိုယ်စားလှယ် ဒေါ်သဲစုဝေက တင်သွင်းခဲ့သည်။

အသေးစား၊ အလတ်စား ကျောက်မျက်ရတနာလုပ်ငန်းများဖြင့် အသက်မွေးနေသော နိုင်ငံသူ၊ နိုင်ငံသားများကို ဥပဒေအရ အကာအကွယ်ပေးလိုသည့်အတွက် မန္တလေးတိုင်း အသေးစားနှင့် လက်လုပ်လက်စားကျောက်မျက်ရတနာ ဥပဒေကြမ်းကို တိုင်းလွှတ်တော်သို့ တင်သွင်းခဲ့ခြင်းဖြစ်သည်။ 

အခန်း ၁၁ ခန်းနှင့်အတူ ပုဒ်မ ၃၉ ခု အထိ ပါဝင်သော မန္တလေးတိုင်း အသေးစားနှင့်လက်လုပ်လက်စား ကျောက်မျက်ရတနာဥပဒေကို လွှတ်တော်ကိုယ်စားလှယ် များထံမှ သဘောထား အတည်ပြုမှုကို ရယူ၍ သြဂုတ်လ ၁၂ ရက်နေ့တွင် ကျင်းပသည့် လွှတ်တော်အစည်းအဝေး၌ အတည်ပြုပြဋ္ဌာန်းလိုက်ခြင်းဖြစ်သည်။

အသေးစားနှင့်လက်လုပ်လက်စား ကျောက်မျက်ရတနာဥပဒေကို အတည်ပြု ပြဋ္ဌာန်းလိုက်ပြီဖြစ်ရာ နည်းဥပဒေကို အစိုးရကလျင်မြန်စွာရေးဆွဲရန် လိုကြောင်း၊ ယင်းနည်းဥပဒေကို တိုင်းလွှတ်တော်သို့ တင်သွင်းကာ အတည်ပြုချက်ရယူပြီးပါက ဒေသခံများအနေနှင့် အလုပ်အကိုင်အခွင့် အလမ်းများ ပိုမိုရရှိလာမည်ဖြစ်ကြောင်း ချမ်းမြသာစည်မဲဆန္ဒနယ်-၁ မှ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးတင်အောင်က သုံးသပ်ပြောကြားခဲ့သည်။

“ဥပဒေပြဋ္ဌာန်းပြီးရင် နည်းဥပဒေမှာ အသေးစိတ်ပြဋ္ဌာန်းရမယ်။ အစိုးရအဖွဲ့က နည်းဥပဒေ ရေးဆွဲရမယ်။ လုပ်လည်းလုပ်သင့်ပြီ၊ ကြာလည်း ကြာနေပြီ။ ဥပဒေမှာ အားရတဲ့အချက်တွေရှိသလို အားမရတဲ့အချက်တွေလည်း ရှိတယ်”ဟု ၎င်းက ပြောဆိုသည်။ 

မြန်မာ့ကျောက်မျက်ရတနာဥပဒေကို ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၃၀ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြဋ္ဌာန်းခဲ့ပြီးဖြစ်သော်လည်း လက်ရှိအချိန်အထိ မြန်မာ့ကျောက်မျက်ရတနာ နည်းဥပဒေထွက်ရှိလာခြင်း မရှိသေးပေ။

ဘုန်းမြတ်