News

POST TYPE

NEWS

မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲကို သြဂုတ် ၂၂ ရက်တွင် ပြန်လည်ကျင်းပခွင့်ရရန် ဦးဇော်ဇော်က ဒေါ်အောင်ဆန်းစုကြည်အား တောင်းဆို
13-Aug-2020


ရန်ကုန်၊ သြဂုတ် ၁၂

ကိုဗစ်-၁၉ ရောဂါကြောင့် သုံးလ ကျော်ရပ်နားထားသည့် မြန်မာနေရှင်နယ် လိဂ်ပြိုင်ပွဲကို သြဂုတ်လ ၂၂ ရက်တွင် ပြန်လည်ကျင်းပနိုင်ရန် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က တောင်းဆိုမှုပြုလုပ်ခဲ့သည်။

သြဂုတ်လ ၁၂ ရက်က နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နှင့် ပြုလုပ်ခဲ့သည့် ဘောလုံးပွဲများ အမြန်ဆုံး ပြန်လည်ကျင်းပနိုင်ရေး ခေါင်းစဉ်ဖြင့် ဆွေးနွေးစဉ် တောင်းဆိုခဲ့ခြင်းဖြစ်သည်။

“မြန်မာနေရှင်လိဂ်ပြိုင်ပွဲကို အမြန် ဆုံးပြန်စတင်နိုင်ဖို့အတွက် ကျွန်တော် တို့ဘက်က ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်တွေအတိုင်း လိုက်နာဆောင်ရွက်ခဲ့ပါတယ်။ လက်ရှိမှာ ကစားသမားတွေအပါအဝင် အုပ်ချုပ်သူ၊ နည်းပြအဖွဲ့တွေကို စစ်ဆေးမှုတွေလုပ်ပြီး သွားပါပြီ။ ဒါ့ကြောင့် လိဂ်ပြိုင်ပွဲကို သြဂုတ်လ ၂၂ ရက်လောက်မှာ ပြန် ကျင်းပခွင့်ပေးဖို့ တောင်းဆိုချင်ပါတယ်”ဟု ဦးဇော်ဇော်ကပြောသည်။

ဘောလုံးကစားနည်းမှာ ကမ္ဘာတစ်ဝန်းအောင်မြင်သည့် ကစားနည်းတစ်ခု ဖြစ်ပြီး မြန်မာနိုင်ငံတွင် လည်းထိပ်တန်း ကစားနည်းတစ်ခုဖြစ်ခြင်းကြောင့် အမြန်ဆုံးပြန်လည် ကျင်းပခွင့်ရရှိရန် ပေါင်းစပ်ညှိုနှိုင်းပေးသွားမည်ဖြစ်ပြီး မြန်မာနေရှင်နယ်လိဂ်တွင် ကစားနေသည့် ကစားသမားများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထောက်ပံ့မှုများ ပြုလုပ်ပေးရန် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က အမြဲတမ်းအတွင်းဝန် ဒေါက်တာသက်ခိုင်ဝင်းအား မှာကြားခဲ့သည်။

ထို့ပြင် မြန်မာနေရှင်လိဂ်ပြိုင်ပွဲ ပြန်လည်ကျင်းပချိန်တွင် အားပေးသည့် ပရိသတ်များ ပါဝင်လာစေရန် စည်းကမ်းတကျ ဆောင်ရွက်သွားမည်ဖြစ်ပြီး ဘောလုံးပွဲများ ပြန်လည်ကျင်းပချိန်တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန က ဖွဲ့စည်းထားသည့် စစ်ဆေးရေးအဖွဲ့၌ လိုက်ပါကာ စည်းကမ်းလိုက်နာမှုရှိ၊ မရှိ စစ်ဆေးသွားမည်ဖြစ်ကြောင်း ဒေါ်အောင် ဆန်းစုကြည်က ပြောသည်။

မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲအပြင် အမျိုးသမီးလိဂ်၊ သက်တမ်းအလိုက်လိဂ် ပြိုင်ပွဲနှင့် ဖူဆယ်ပြိုင်ပွဲများကိုလည်း တစ် ဆင့်ချင်း ခွင့်ပြုပေးသွားမည်ဖြစ်ပြီး ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ထား သည့် စည်းကမ်းများကို လိုက်နာမည် ဆိုပါက အမြန်ဆုံးကျင်းပခွင့်ပြုမည်ဖြစ် ကြောင်း ဒေါ်အောင်ဆန်းစုကြည် က ပြောသည်။

မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ ပြန် လည်စတင်ချိန်တွင် ပရိသတ်များ ကွင်း အတွင်း ဝင်ရောက်ကြည့်ရှုနိုင်မည် မဟုတ် ခြင်းကြောင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က ဘောလုံးပွဲများကို နိုင်ငံပိုင်ရုပ်သံလိုင်း ဖြစ်သည့် MRTV က ပြသနိုင်ရန် ဒေါ်အောင်ဆန်းစုကြည်ကို တောင်းဆိုခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်က ကူညီဆောင်ရွက်ပေးမည်ဟု ပြန်လည်ပြောကြားခဲ့သည်။

ချစ်ဝိုင်း