News

POST TYPE

NEWS

ကော်ဖီတောင်သူများနှင့် ထုတ်လုပ်သူများကို ငွေကြေးဆိုင်ရာ နားလည်တတ်ကျွမ်းမှုသင်တန်းပေးမည်
12-Aug-2020
ရန်ကုန်၊ သြဂုတ် ၁၂

မြန်မာနိုင်ငံ ကော်ဖီအသင်းက ကော်ဖီတောင်သူများနှင့် ထုတ်လုပ်သူများကို ငွေကြေးဆိုင်ရာ နားလည်တတ်ကျွမ်းမှုသင်တန်း (Financial Literacy) ပို့ချပေးမည်ဖြစ်ကြောင်း ယင်းအသင်းထံမှ သိရသည်။

သင်တန်းသည် ကော်ဖီစိုက်တောင်သူများကို အားပေးသည့် သင်တန်းဖြစ်ပြီး ရွာငံမြို့နယ်တွင် တစ်ပိုင်တစ်နိုင် ကော်ဖီစိုက်ပျိုးထုတ်လုပ်ရောင်းချသူများလည်း ရှိသည့်အတွက် ကော်ဖီတောင်သူများနှင့် ထုတ်လုပ်သူများ ငွေကြေးကို ကောင်းမွန်စွာစီမံခန့်ခွဲနိုင်စေရန်အတွက် ပို့ချပေးခြင်းဖြစ်ကြောင်း သိရသည်။

သင်တန်းအတွင်း သင်တန်းသားများသည် နှာခေါင်းစည်းတပ်ဆင်ခြင်း၊ လက်သန့်ဆေးရည် အသုံးပြုခြင်းနှင့် တစ်ဦးနှင့်တစ်ဦး ၆ ပေခြား၍ထိုင်စေခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်းတို့ကို ညွှန်ကြားချက်များနှင့်အညီ လိုက်နာရမည်ဖြစ်ပြီး ငွေကြေးဆိုင်ရာ နားလည်တတ်ကျွမ်းမှုသင်တန်းကို သြဂုတ်လ ၁၈ ရက်နေ့မှ ၂၁ ရက်နေ့အထိ ရွှေဂူးဂူဟိုတယ်၊ ရှမ်းပြည်နယ် တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် ပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။

သင်တန်းများအတွက် ဃြဗ အသင်းဝင်များကို ဦးစားပေးမည်ဖြစ်ပြီး အသက် ၁၈ နှစ်မှ ၆၀ နှစ်အတွင်း မြန်မာစာရေးတတ်ဖတ်တတ်၍ အခြေခံသင်္ချာတတ်သူများနှင့် သင့်တော်သူစသည့် အချက်များအပေါ်မူတည်၍ သင်တန်းသားများကို ရွေးချယ်သွားမည်ဖြစ်သည်။

တောင်သူများသည် ယေဘုယျအားဖြင့် မှတ်တမ်းများပြုလုပ်ရာတွင် အားနည်းလေ့ရှိသည့်အတွက် တောင်သူများယာထဲသို့ စုစုပေါင်း မည်မျှထည့်ဝင်ထားသည်၊ ကော်ဖီသက်တမ်းအလိုက် ကုန်ကျစရိတ်၊ အရှုံး၊ အမြတ်စသည်တို့နှင့်ပတ်သက်၍ သဲသဲကွဲကွဲရှင်းပြနိုင်စွမ်းများ လိုအပ်လျက်ရှိကာ သင်တန်းသို့တက်ရောက်ခြင်းဖြင့် နှစ်ရှည်သီးပင်အတွက်သာမက ရာသီပေါ်သီးနှံ စိုက်ပျိုးမှုများအတွက်ပါ ငွေကြေးဆိုင်ရာများကို နားလည်တတ်ကျွမ်းစေပြီး ငွေကြေးကို စီမံခန့်ခွဲနိုင်မည့် စွမ်းရည်များတိုးတက်စေမည်ဖြစ်ကြောင်း မြန်မာနိုင်ငံကော်ဖီအသင်းထံမှ သိရသည်။

မြန်မာနိုင်ငံ ကော်ဖီအသင်းက ကော်ဖီစိုက်ပျိုးထုတ်လုပ်သူများ၊ တင်ပို့ရောင်းချသူများအတွက် သင်တန်းများကို အတွေ့အကြုံရှိ ပညာရှင်များ၊ အဖွဲ့အစည်းများဖြင့်ပူးပေါင်း၍ ဖွင့်လှစ်သင်ကြားပေးနေခြင်းဖြစ်သည်။

S-07