News

POST TYPE

NEWS

Wave Money က ရခိုင်ပြည်နယ်ရှိ ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးငယ်များကို ပံ့ပိုးကူညီမည်
12-Aug-2020


ရန်ကုန်၊ သြဂုတ် ၁၁

မိုဘိုင်းလ်ငွေကြေးဝန်ဆောင်မှု ကုမ္ပဏီဖြစ်သည့် Wave Money က လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနက အကောင်အထည်ဖော်သည့် ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးငယ်များ အာဟာရပြည့်ဝစွာ ရရှိရေးအတွက် ငွေကြေးထောက်ပံ့မှုအစီအစဉ် (MCCT) ကို ပံ့ပိုးကူညီပေးမည်ဖြစ်ကြောင်း Wave Money ထံမှသိရသည်။

ပံ့ပိုးကူညီပေးမည့် လုပ်ငန်းပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူညီချက်ကို ချုပ်ဆိုခဲ့ပြီး MCCT သည် ကိုယ်ဝန်ဆောင် အမျိုးသမီးများနှင့် ၎င်းတို့မှမွေးဖွားလာသည့် အသက် ၂ နှစ်အောက် ကလေးသူငယ်များကို ငွေကြေးထောက်ပံ့ပေးသည့် အစီအစဉ်ဖြစ်ကာ ကလေးငယ်များ၏ဘဝ ကနဦး ရက် ၁၀ဝ၀ ကာလအတွင်း အာဟာရပြည့်ဝစေရေးအတွက် ရည်ရွယ်ကြောင်း သိရသည်။

ယင်း MCCT အစီအစဉ်ကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှစတင်၍ မြန်မာနိုင်ငံရှိ အာဟာရအညွှန်းကိန်းနိမ့်ပါးသည့် ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် ၎င်းတို့မှမွေးဖွားလာသည့် အသက် ၂ နှစ်အောက် ကလေးသူငယ်များအတွက် စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

"ဒစ်ဂျစ်တယ်ငွေပေးချေမှုပလက်ဖောင်း၊ အေးဂျင့်ကွန်ရက်တွေနဲ့ MCCT လိုအစီအစဉ်မျိုးရဲ့ အကျိုးသက်ရောက်မှုတွေကို နေရာအနှံ့ရောက်အောင် ကူညီပံ့ပိုးပေးပြီး အကူအညီလိုအပ်သူတွေရဲ့ ဘဝတွေ တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်နိုင်တဲ့အတွက် ဝမ်းသာရပါတယ်" ဟု Wave Money ၏ အမှုဆောင်အရာရှိချုပ် Brad Jones က ပြောကြားသည်။

Wave Money က ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်တွင် ပြုလုပ်နေသည့် MCCT အစီအစဉ်အရ Wave Money ၏ ပလက်ဖောင်းများဖြစ်သည့်ဆိုင်မှ တစ်ဆင့်ငွေလွှဲခြင်း၊ မိုဘိုင်းလ်ပိုက်ဆံအိတ် အက်ပလီကေးရှင်းတို့ကို အသုံးပြု၍ ငွေလွှဲပြောင်းခြင်းတို့ကို အခမဲ့ဝန်ဆောင်မှုပေးသွားမည်ဖြစ်ပြီး ယင်းလုပ်ဆောင်ချက်မှ လူဦးရေ ၁၂၀,ဝ၀ဝ ကျော် အကျိုးအမြတ် ခံစားနိုင်မည်ဖြစ်ကြောင်း သိရသည်။

လူမှုဝန်ထမ်းဦးစီးဌာနသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ပူးပေါင်းကာ ယခုထောက်ပံ့မှုကို လက်ခံရရှိရန် အကျုံးဝင်သည့် အရည်အချင်းပြည့်စုံသူများကို ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး Wave Money သည် အေးဂျင့် ဆိုင်ပေါင်း ၅၈,ဝ၀ဝ ကျော်နှင့် လည်ပတ် ဆောင်ရွက်နေခြင်းဖြစ်သည်။  

S-07