News

POST TYPE

NEWS

တက္ကသိုလ်ဝင်စာမေးပွဲ အမှတ်စာရင်းများ သီးခြားထုတ်ပေးမည့်အစီအစဉ် မရှိ
11-Aug-2020
ရန်ကုန်၊ သြဂုတ် ၁၁

တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများ၏ အမှတ်စာရင်းများကို သီးခြားထုတ်ပေးမည့် အစီအစဉ်မရှိတော့ဘဲ တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာများ ထုတ်ပေးသည့်အချိန်မှသာ တစ်ပါတည်းပေးအပ်မည့် အခြေအနေတွင်ရှိကြောင်း မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနထံမှ သိရသည်။

တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများ၏ အမှတ်စာရင်းများကို ယခင်နှစ်များက အောင်စာရင်းထွက်ရှိပြီး တစ်ပတ်ခန့်အကြာတွင် ထုတ်ပေးလေ့ရှိသော်လည်း ယခုနှစ်တွင် ကပ်ရောဂါအခြေအနေကြောင့် အောင်စာရင်းကို အွန်လိုင်းမှသာ ထုတ်ပေးခဲ့ပြီး အမှတ်စာရင်းထုတ်ပေးမည့်ရက်ကို ထပ်မံကြေညာမည်ဟု ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

“လောလောဆယ် အနေအထားအရတော့ အမှတ်စာရင်းကို သီးခြားပေးမယ့် အစီအစဉ်မရှိတော့ဘူးလို့ ကြားထားတယ်။ ဘယ်အချိန်မှာပေးမလဲဆိုတော့ အောင်ခဲ့တဲ့ကျောင်းတွေမှာ တက္ကသိုလ်ဝင်ခွင့်ဖောင်တွေ ထုတ်ပေးတဲ့အချိန်မှ တစ်ခါတည်းပေးလိုက်မယ့် သဘောမှာရှိတယ်” ဟု မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနမှ အရာရှိတစ်ဦးက ပြောကြားသည်။

တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ထားသော ကျောင်းသား၊ ကျောင်းသူများ တက္ကသိုလ်ဝင်ခွင့်လျှောက်ထားရန် သက်ဆိုင်ရာကျောင်းများက ထုတ်ပေးလေ့ရှိသည့် တက္ကသိုလ်ဝင်ခွင့်ဖောင်များကို အောင်စာရင်းထွက်ရှိပြီး တစ်လခန့်အကြာတွင် ထုတ်ပေးလေ့ရှိသည်။

အမှတ်စာရင်းများအပြင် အောင်လက်မှတ်ထုတ်ပေးခြင်း၊ အဖြေလွှာပြန်လည် စစ်ဆေးပေးရန် လျှောက်ထားခြင်း ကိစ္စများကိုလည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ Covid-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်နိုင်ရန်တင်ပြပြီး ထပ်မံအသိပေးကြေညာသွားမည်ဟု ပညာရေးဝန်ကြီးဌာနက ကြေညာထားသည်။

၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျောင်းသား၊ ကျောင်းသူ ၉၁၀,၂၂၉ ဦး ဝင်ရောက်ဖြေဆိုခဲ့ပြီး ၂၉၁,၇၉၈ ဦး အောင်မြင်ကာ ကျရှုံးသူ ၆၁၈,၄၃၁ ဦးရှိခဲ့ကြောင်း ပညာရေးဝန်ကြီးဌာနက သြဂုတ်လ ၉ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

S-09