News

POST TYPE

NEWS

ဟောင်ကောင်မီဒီယာသူဌေးကြီး တရုတ်လုံခြုံရေးဥပဒေဖြင့် အဖမ်းခံရပြီ
11-Aug-2020


ဟောင်ကောင်၊ သြဂုတ် ၁၀ 

နိုင်ငံခြားအင်အားစုများဖြင့် ပူးပေါင်းသည်ဆိုသော စွပ်စွဲချက်ဖြင့် ဟောင်ကောင်စီးပွားရေး လုပ်ငန်းရှင်ကြီး ဂျင်မီလိုင်း အဖမ်းခံရကာ ၎င်း၏ သတင်းစာရုံးများကိုလည်း ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းခဲ့ကြောင်း BBC သတင်းတွင် ဖော်ပြပါရှိသည်။ 

တရုတ်က ဇွန်လတွင် ပြဋ္ဌာန်းခဲ့သည့် လုံခြုံရေးဥပဒေလက်အောင်တွင် လူသိများ အထင်ရှားဆုံးတစ်ဦးကို တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။ 

မစ္စတာဂျင်မီလိုင်းသည် ထင်ရှားသော ဒီမိုကရေစီရေး လိုလားသည့် တောင်းဆိုသူတစ်ဦးဖြစ်ကာ ပြီးခဲ့သည့်နှစ်က ဖြစ်ပွားခဲ့သော ဆန္ဒပြပွဲများကို ထောက်ခံသူတစ်ဦးလည်း ဖြစ်သည်။ 

ဗြိတိန်နိုင်ငံသားအဖြစ် ခံယူထားသော အသက် ၇၁ နှစ်အရွယ် လုပ်ငန်းရှင် ကြီးကို တရားမဝင်လူစုလူဝေး လုပ်မှုများဖြင့် ဖေဖော်ဝါရီလက တရားစွဲဆိုထားပြီး ဖြစ်သည်။ 

၎င်းသည် အာမခံဖြင့် လွတ်လပ်စွာနေထိုင်သွားလာလျက်ရှိရာမှ ယခုကဲ့သို့ တရားစွဲဆို အရေးယူခံရခြင်း ဖြစ်သည်။ 

မစ္စတာဂျင်မီလိုင်းသည် လူပူလှုပ်ရှားမှုများကို ထောက်ခံသူဖြစ်ကာ ၎င်း၏ စာစောင်များသည် အမုန်းတရားများဖြန့်ဝေခြင်း၊ ကောလာဟလဖြန့်ဖြူးခြင်းနှင့် အာဏာပိုင်ဆန့်ကျင်ရေးများ ဖြစ်ကြောင်း တရုတ်အစိုးရမီဒီယာ Global Times သတင်းစာက ဖော်ပြထားသည်။ 

ဂျင်မီလိုင်းပိုင်ဆိုင်သော Next Digital ဆိုသည့် မီဒီယာ၏ အကြီးတန်း အမှုဆောင်နှစ်ဦးဖြစ်သော ၎င်း၏သားများကိုလည်း ဖမ်းဆီးထားကြောင်း The Global Times သတင်းစာက ရေးသားထားသည်။ 

ရဲတပ်ဖွဲ့ဝင် အစုအဖွဲ့များက ဂျင်မီလိုင်း၏ သတင်းစာ Apple Daily နှင့် အခြားရုံးများစွာကို ဝင်ရောက်ရှာဖွေခဲ့ကြသည်။ 

နိုင်ငံခြားအင်အားစုများနှင့် ပူးပေါင်းသည်ဆိုသော သံသယဖြင့် အသက် ၃၉ နှစ်မှ ၇၂ နှစ်ကြား လူ ၇ ဦးကို ဖမ်းဆီးထားသည်ဟု ဟောင်ကောင်ရဲတပ်ဖွဲ့က အတည်ပြုပေးထားသည်။ 

ဟောင်ကောင်သူဌေးကြီး ဂျင်မီလိုင်းသည် အမေရိကန်ဒေါ်လာ တစ်ဘီလီယံ ချမ်းသာသည်ဟု မှတ်တမ်းများက ဖော်ပြထားသည်။

F-02