News

POST TYPE

NEWS

လက်ပံတန်းမြို့နယ်တွင် ဧရာဝတီနှင့် မြစ်မခမြစ်ရေဝင်မှုကြောင့် နေအိမ်အချို့ပြောင်းရွှေ့
10-Aug-2020


လက်ပံတန်း၊ သြဂုတ် ၁၀

ပဲခူးတိုင်း သာယာဝတီခရိုင် လက်ပံတန်းမြို့နယ်အတွင်း ဧရာဝတီနှင့် မြစ်မခမြစ်ရေဝင်မှုကြောင့် နေအိမ်အချို့ပြောင်းရွေ့နေရသည်ဟု ဒေသခံများက ပြောဆိုသည်။

မြင်ကဝကျေးရွာနှင့် ညောင်ကုန်းကျေးရွာတို့တွင် မြစ်မခမြစ်ရေတိုက်စားမှုကြောင့် ကမ်းစား၊ ကမ်းပြိုမှုများဖြစ်ပွားနေပြီး မြစ်ကမ်းနှင့်ဝေးသည့် နီးစပ်ရာဆွေမျိုးများထံတွင် ခေတ္တပြောင်းရွေ့နေထိုင်ရခြင်းနှင့်ပတ်သက်၍ ၎င်းတို့ကပြောဆိုခြင်းဖြစ်သည်။

ရှမ်းစုကျေးရွာအုပ်စုရှိ ရှမ်းစုကျေးရွာမှ အိမ် ၆၄ လုံးနှင့် သရက်ချောင်းကျေးရွာမှ အိမ် ၁၉ လုံးတို့ ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် ရှမ်းစုဘုန်းတော်ကြီးကျောင်းသို့ ခေတ္တပြောင်းရွှေ့ နေရာချထားပေးရန်စီစဉ်နေကြာင်း ကျေးရွာအုပ်ချုပ်ရေးမှူးများကလည်း ပြောကြားသည်။

လက်ရှိတွင် ဧရာဝတီမြစ်ရေသည် အဆိုပါကျေးရွာများအတွင်းသို့ ငါးပေခန့်ဝင်ရောက်လျက်ရှိပြီး မြစ်ရေဆက်လက်မြင့်တက်လာပါက အဆိုပါနေအိမ် ၈၃ လုံးမှ မိသားစုဝင်များကို ရှမ်းစုဘုန်းတော်ကြီးကျောင်းသို့ ရွှေ့ပြောင်းပေးမည်ဟု ၎င်းတို့က ပြောဆိုသည်။

ဧရာဝတီမြစ်ရေသည် တစ်ရက်လျှင် ရှစ်လက်မခန့်ရေတတ်ကြောင်း၊ ဧရာဝတီမြစ်သည် မြစ်မခ (လှိုင်မြစ်) နှင့်ဆက်စပ်နေ့၍ မြစ်မခ (လှိုင်မြစ်) ပတ်ဝန်းကျင်ကျေးရွာများသို့ရေဝင်ခြင်းဖြစ်ရာ ကျေးရွာဒေသခံများအနေနှင့် သတိထားနေထိုင်ရန်နှင့် အရေးပေါ်အခြေအနေဖြစ်လာပါက ဖုန်းဖြင့်ဆက်သွယ်အကြောင်းကြားရန် ကျေးရွာအုပ်ချုပ်ရေးမှူးများကိုပြောထားကြောင်း၊ လက်ရှိတွင် မြစ်မခမြစ်ရေနှင့်ဧရာဝတီမြစ်ရေ ဝင်ရောက်မှုအခြေနေများကို ရေကင်းချ၍ စောင့်ကြည့်လျှက်ရှိကြောင်း လက်ပံတန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ 

R-06

ဓာတ်ပုံ- ငြိမ်းချမ်း