News

POST TYPE

NEWS

မြက်ခင်းပေါ်သို့လဲကျနေသော်လည်း မယုံကြည်နိုင်စရာထိချက် ၃ ချက်ဖြင့် နာပိုလီဘက်သို့ ဂိုးသွင်းနိုင်ခဲ့သည့် မက်ဆီကို ပီတာခရော့ချ် ချီးကျူး
10-Aug-2020


ဘာစီလိုနာ၊ သြဂုတ် ၉ 

နာပိုလီဘက်သို့ တစ်ကိုယ်တော် အစွမ်းဖြင့်သွင်းယူခဲ့သောမက်ဆီ၏ဂိုးမှာ မှော်ဆန်လွန်းပြီး ကမ္ဘာပေါ်တွင်အာဂျင် တီးနားတိုက်စစ်မှူးတစ်ဦးတည်းကသာ ယင်းကဲ့သို့စွမ်းဆောင်နိုင်စွမ်းရှိသည်ဟု အင်္ဂလန်တိုက်စစ်မှူးဟောင်း ပီတာ ခရော့ချ်ကချီးကျူးခဲ့ကြောင်း Dailymail ကဖော်ပြခဲ့သည်။ 

မက်ဆီသည် နာပိုလီအသင်းဂိုး ဧရိယာအတွင်း၌ ပြိုင်ဘက်ခံစစ်ကစားသမား ၃ ဦး၏ဖိအားပေးခြင်းကိုခံနေရသည့်ကြားမှ အဆိုပါသွင်းဂိုးကိုခက်ခက်ခဲခဲရယူခဲ့သည်။

ပြိုင်ဘက်ဂိုးဧရိယာအတွင်း ဟန်ချက်ပျက်နေသော်လည်း လျင်မြန်သည့်ဘောလုံးထိချက် ၃ ကြိမ်ကိုပြုလုပ်ခဲ့ပြီး ထိကျသည့် အဆုံးသတ်ကန်သွင်းချက်ကိုပြုလုပ်နိုင်ခဲ့သည်။ 

အဆိုပါပွဲစဉ်ကို dk BT Sport ရုပ်သံ၌ဘောလုံးပွဲတင်ဆက်သူအဖြစ်ပါဝင်ခဲ့သော ပီတာခရော့ချ်က "သူကတော့ ပါရမီရှင်ပါ။ မယုံကြည်နိုင်စရာဘောလုံး ထိချက်တွေနဲ့ အခုလိုဂိုးသွင်းနိုင်တဲ့လူမျိုး ကမ္ဘာပေါ်မှာ သူတစ်ယောက်ပဲရှိပါတယ်" ဟုချီးကျူးခဲ့သည်။ 

ဘာစီလိုနာအသင်းသည် ၂၀၁၅ ခုနှစ်နောက်ပိုင်း ချန်ပီယံလိဂ်သရဖူကို ပြန်လည်ရရှိရေးအတွက် ကြိုးစားရမည်ဖြစ်ပြီး ကွာတားဖိုင်နယ်တွင် ဘွန်ဒက်စ်လီဂါချန်ပီယံ ဘိုင်ယန်မြူးနစ်အသင်းနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။ 

ချန်ပီယံလိဂ်လက်ကျန်ပွဲစဉ်များ အားလုံးကိုလာမည့်အပတ်အတွင်း ပေါ်တူဂီနိုင်ငံ၌ ကျင်းပမည်ဖြစ်သည်။

ငြိမ်းပြည့်