News

POST TYPE

NEWS

တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူ သုံးသိန်းနီးပါး အောင်မြင်
09-Aug-2020
ရန်ကုန်၊ သြဂုတ် ၉

၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျောင်းသား၊ ကျောင်းသူ ၉၁၀,၂၂၉ ဦး ဝင်ရောက်ဖြေဆိုခဲ့ပြီး ၂၉၁,၇၉၈ ဦးအောင်မြင်ကာ ကျရှုံးသူ ၆၁၈,၄၃၁ ဦးရှိကြောင်း ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

တက္ကသိုလ်ဝင်စာမေးပွဲသည် ငါးနှစ်အတွင်း ဖြေဆိုသူအများဆုံးနှစ်တစ်ခုဖြစ်သကဲ့သို့ အောင်မြင်သူအရေအတွက်မှာလည်း ငါးနှစ်အတွင်း အများဆုံးဖြစ်ခဲ့ပြီး အောင်ချက်ရာခိုင်နှုန်းမှာ ၃၂ ဒသမ ဝ၆ ရာခိုင်နှုန်းရှိခဲ့သည့်အတွက် ၂၀၁၉ ခုနှစ်ကထက် အောင်ချက်ရာခိုင်နှုန်း အနည်းငယ်များသည့်နှစ်ဖြစ်သည်။

ယခုနှစ်၏အောင်စာရင်းတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဂုဏ်ထူးရသူအရေအတွက် ခြောင်းသောင်းကျော်ရှိခဲ့ပြီး ၁ ဘာသာဂုဏ်ထူးရသူ ၃၇,ဝ၀၀ ကျော်၊၂ ဘာသာဂုဏ်ထူးရသူ ၁၂,၉၀၀ ကျော်၊ ၃ ဘာသာဂုဏ်ထူးရသူ ၅,၆၀၀ ကျော်၊ ၄ ဘာသာဂုဏ်ထူးရသူ ၂,၉၀၀ ကျော်၊ ၅ ဘာသာဂုဏ်ထူးရသူ ၁,၈၀၀ ကျော်၊ ၆ ဘာသာ ဂုဏ်ထူးရသူ ၇၉၇ ဦးရှိခဲ့သည်။

ဂုဏ်ထူးရသူများအနက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သိပ္ပံဘာသာတွဲတွင် အမှတ်အများဆုံး ၁၂ ဦးတွင် ရန်ကုန်တိုင်းဒေသကြီးမှ ၁၀ ဦးပါဝင်ခဲ့ပြီး ကျန်နှစ်ဦးမှာ မန္တလေးတိုင်းဒေသကြီးရှိ ကိုယ်ပိုင်ကျောင်းနှစ်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများဖြစ်ကာ ယခုနှစ်အတွက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အများဆုံးရရှိခဲ့သည့်အမှတ်မှာ ၅၅၂ မှတ်ဖြစ်ကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အောင်ချက်အကောင်းဆုံးဒေသအဖြစ် မန္တလေးတိုင်းဒေသကြီးက ဖြေဆိုသူအရေအတွက် တစ်သိန်းနှစ်သောင်းကျော်၊ အောင်မြင်သူအရေအတွက် လေးသောင်းခုနစ်ထောင်ကျော်၊ အောင်ချက်ရာခိုင်နှုန်း ၃၇ ဒသမ ၅၁ ရာခိုင်နှုန်းဖြင့် ပထမရရှိခဲ့ပြီး ယင်းနောက်တွင် စစ်ကိုင်းတိုင်းဒေသကြီးက ဖြေဆိုသူ တစ်သိန်းနှစ်သောင်းကျော်၊ အောင်မြင်သူ လေးသောင်းလေးထောင်ကျော်ဖြင့် အောင်ချက်ရာခိုင်နှုန်း ၃၅ ဒသမ ၁၇ ရာခိုင်နှုန်းဖြင့် ဒုတိယရရှိခဲ့ပြီး မွန်ပြည်နယ်က ဖြေဆိုသူ သုံးသောင်းကျော်၊ အောင်မြင်သူတစ်သောင်းကျော်၊ အောင်ချက်ရာခိုင်နှုန်း ၃၄ ဒသမ ၇၁ ဖြင့် တတိယရရှိခဲ့သည်။

နှစ်စဉ်အောင်ချက် အနည်းဆုံးဒေသများဖြစ်သည့် ချင်းပြည်နယ်သည် ယခုနှစ်တွင် ဖြေဆိုသူ တစ်သောင်းနှစ်ထောင်ကျော်၊ အောင်မြင်သူ နှစ်ထောင်ကျော်ဖြင့် အောင်ချက်ရာခိုင်နှုန်း ၂၁ ဒသမ ၂၀ ရာခိုင်နှုန်းရရှိခဲ့ပြီး ယခင်နှစ်ကထက် အောင်ချက်ရာခိုင်နှုန်းမှာ အနည်းငယ်တိုးတက်လာခဲ့သည်။

ပဲခူးတိုင်းဒေသကြီး(အရှေ့)သည် ဖြေဆိုသူ ငါးသောင်းကျော်၊ အောင်မြင်သူ တစ်သောင်းသုံးထောင်ကျော်၊ အောင်ချက်ရာခိုင်နှုန်း ၂၅ ဒသမ ၉၂၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)သည် ဖြေဆိုသူ ငါးထောင်ကျော်၊ အောင်မြင်သူ တစ်ထောင်ကျော်၊ အောင်ချက်ရာခိုင်နှုန်း ၂၀ ဒသမ ၈၉၊ ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် ဖြေဆိုသူ သုံးသောင်းကိုးထောင်ကျော်၊ အောင်မြင်သူ တစ်သောင်းကျော်၊ အောင်ချက်ရာခိုင်နှုန်း ၂၆ ဒသမ ၂၈ ရာခိုင်နှုန်းဖြင့် အောင်ချက်အနည်းဆုံးဒေသများဖြစ်ခဲ့သည်။

ယခုနှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုသူများအနက် ကျောင်းဖြေသည် ငါးသိန်းခုနစ်သောင်းကျော်ရှိပြီး အောင်မြင်သူမှာ တစ်သိန်းခြောက်သောင်းကျော်ရှိခဲ့ကာ ပြင်ပဖြေမှာ သုံးသိန်းသုံးသောင်းကျော်ရှိပြီး အောင်မြင်သူမှာ တစ်သိန်းသုံးသောင်းကျော်ရှိခဲ့သည်။

S-09