News

POST TYPE

NEWS

တပ်မတော်နည်းပညာတက္ကသိုလ်နှင့် Mobile X-Ray ဂိတ်တို့ကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်သူ လေးဦးကို ထောင်ဒဏ် ၃၅ နှစ် အမိန့်ချ
09-Aug-2020
ရန်ကုန်၊ သြဂုတ် ၈

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၊ တပ်မတော်နည်းပညာတက္ကသိုလ်နှင့် Mobile X-Ray ဂိတ်တို့ကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သူ လေးဦးကို သြဂုတ်လ ၆ ရက်က ပြင်ဦးလွင်ခရိုင်တရားရုံးက ထောင်ဒဏ် ၃၅ နှစ် ကျခံစေရန် အမိန့်ချမှတ်ခဲ့သည်။

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် သြဂုတ် ၁၅ ရက် နံနက်ပိုင်းက ပြင်ဦးလွင်မြို့ အရှေ့ ဘက်ရှိ တပ်မတော်နည်းပညာတက္ကသိုလ် ကျောင်းဝင်းနှင့် Mobile X-Ray စက်တို့ကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက် ခိုက်မှုနှင့်ပတ်သက်ပြီး ကြည်တင့်၊ ထွန်းနိုင်၊ ကျော်စိုးမောင်၊ အိုက်ဆန်း၊ အိုက်အင်နှင့် ထွန်းဖေတို့ ခြောက်ဦးကို ဖမ်းဆီးစစ်ဆေး ခဲ့ခြင်းဖြစ်သည်။

အဆိုပါ တိုက်ခိုက်မှုကို မြောက်ပိုင်း လက်နက်ကိုင်အဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြင်ဦးလွင်အပါအဝင် ရှမ်းပြည်နယ် နောင်ချို၊ ကွတ်ခိုင်မြို့များအထိ တိုက်ပွဲများပျံ့နှံ့ဖြစ်ပွားခဲ့သည်။

ဖမ်းဆီးစစ်ဆေးခဲ့သူ ခြောက်ဦးမှာ မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့များမှ တပ်ဖွဲ့ဝင်များဖြစ်ပြီး ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခံရမှုကြောင့် တပ်မတော်နည်းပညာတက္က သိုလ်ကျောင်းဝင်းအတွင်းရှိ အဆောက်အအုံ ပျက်စီးကာ တပ်မတော်သားတစ်ဦး၊ တပ်ဖွဲ့ဝင်မိသားစုမှ တစ်ဦးတို့ ထိခိုက်ဒဏ်ရာရရှိ၍ အရပ်သားဝန်ထမ်းတစ်ဦးမှာ သေဆုံးခဲ့သည်။

အဆိုပါအမှုမှ ပြစ်မှုကျူးလွန်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သူ ကျော်စိုးမောင်၊ အိုက်ဆန်း၊ အိုက်အင်နှင့် ထွန်းဖေတို့ကို အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ဈ) အရ ထောင်ဒဏ် ၁၅ နှစ်နှင့် အကြမ်း ဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ဈ)/ ၅၄ အရ ထောင်ဒဏ် ၂၀ နှစ် ကျခံစေရန် အမိန့်ချမှတ်ခဲ့ပြီး ကြည်တင့်နှင့် ထွန်းနိုင်တို့ နှစ်ဦးကို ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၂၅၈ (၁) အရ အမှုမှ အပြီးအပြတ် လွှတ်ပေးရန် တရားရုံးက အမိန့်ချမှတ်ခဲ့သည်။

S-03