News

POST TYPE

NEWS

မီးရထားအဆောက်အအုံ ပြန်လည်မွမ်းမံ၍ အာမခံဈေးကွက်ဖော်ဆောင်ရေး ကမ်ပိန်းလုပ်မည်
06-Aug-2020


ရန်ကုန်၊ သြဂုတ် ၆

ကနေဒါအခြေစိုက်အာမခံနှင့် ငွေကြေးဆိုင်ရာဝန်ဆောင်မှုကုမ္ပဏီ Manulife သည် ၎င်း၏ပထမဆုံး ဈေးကွက်ဖော်ဆောင်ရေး ကမ်ပိန်းကို မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ရန်ကုန်မီးရထားအဆောက်အအုံကို ပြန်လည်ပြင်ဆင်မွမ်းမံခြင်းဖြင့် စတင်မည်ဖြစ်ကြောင်း အဆိုပါကုမ္ပဏီထံမှ သိရသည်။ 

ယင်းကမ်ပိန်းသည် Manulife ၏ အမှတ်တံဆိပ်ကို လူအများပိုမိုသိရှိလာစေရန်နှင့် မြန်မာနိုင်ငံအတွင်း ၎င်းတို့၏ပုံရိပ် ပိုမိုခိုင်မာလာစေရေးအတွက်လုပ်ဆောင်သည့် ကုမ္ပဏီ၏ ကြိုးပမ်းမှုဖြစ်သည်။

အစိမ်းရောင်အသွင်သဏ္ဌာန်ဖြင့် ပြန်လည်ဆန်းသစ်ထားသည့် ရန်ကုန်မီးရထားအဆောက်အအုံကို ပန်းဆိုးတန်းခုံးကျော်တံတားမှ အထင်အရှားမြင်နိုင်ပြီး အဆိုပါအဆောက်အအုံသည် ရန်ကုန်မြို့လယ်ရှိ အထင်ကရ အဆောက်အအုံများအနက်မှ တစ်ခုလည်းဖြစ်သည်။ 

သက်တမ်းရာချီရှိသည့် ရန်ကုန်ဘူတာကြီးအဆောက်အအုံ၏ တိုးချဲ့အဆောက်အအုံအဖြစ် ၁၉၅၀ ပြည့်လွန်နှစ်များတွင် ဆောက်လုပ်ပြီးစီးခဲ့သည့် အဆိုပါအဆောက်အအုံကို ယခုအခါ မီးရထားဝန်ထမ်းများက ၎င်းတို့၏ရုံးအဖြစ် ဆက်လက်အသုံးချလျက်ရှိသည်။

Manulife သည် မြန်မာနိုင်ငံတွင် ရှည်လျားသောသမိုင်းကြောင်းရှိသည့် ကုမ္ပဏီတစ်ခုဖြစ်ပြီး ကုမ္ပဏီအနေနှင့် မြန်မာနိုင်ငံ၌ ၎င်း၏ပထမဆုံး အာမခံပေါ်လစီကို ၁၉၀၃ ခုနှစ် နိုဝင်ဘာလတွင် စတင်ရောင်းချခဲ့သည်။ 

ထို့ပြင် မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်းများကို နိုင်ငံပိုင်အဖြစ်ပြောင်းလဲလိုက်သော ၁၉၆၀ ပြည့်လွန်ကာလ မတိုင်မီအထိ မြန်မာ့အာမခံလုပ်ငန်းကို တက်ကြွစွာပုံဖော်ပေးခဲ့သော ရှေ့ဆောင်အာမခံတစ်ခုလည်း ဖြစ်သည်။ 

Manulife သည် မြန်မာနိုင်ငံသို့ ၂၀၁၄ ခုနှစ်တွင် ပြန်လည်ဝင်ရောက်လာခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် အာမခံလုပ်ငန်းလုပ်ကိုင်ရန် ခွင့်ပြုချက်ရရှိခဲ့သော ပထမဆုံးနိုင်ငံခြားသားပိုင် အာမခံကုမ္ပဏီဖြစ်သည်။

ကနေဒါနိုင်ငံ တိုရွန်တိုမြို့တွင် ရုံးချုပ်ဖွင့်လှစ်ထားသည့် Manulife သည် ကနေဒါ၊ အာရှနှင့် ဥရောပနိုင်ငံများတွင် ဘဏ္ဍာရေးအကြံပြုချက်များ၊ အာမခံနှင့် ဓနဥစ္စာပိုင်ဆိုင်မှု ပစ္စည်းစီမံခန့်ခွဲမှု ပြဿနာဖြေရှင်းနည်းများကို တစ်ဦးချင်းဖြစ်စေ၊ အဖွဲ့လိုက် သို့မဟုတ် အဖွဲ့အစည်းများအတွက်ဖြစ်စေ ဝန်ဆောင်မှုပေးလျက်ရှိသည်။ 

Manulifeသည် ၂၀၁၉ ခုနှစ် နှစ်ကုန်တွင် ဝန်ထမ်းပေါင်း ၃၅,ဝ၀ဝ ကျော်၊ အေးဂျင့်ပေါင်း ၉၈,ဝ၀ဝ ကျော်နှင့် ဖြန့်ချိရေးပါတနာများ ထောင်ကျော်နှင့် လက်တွဲကာ ကမ္ဘာတစ်ဝန်းတွင် အာမခံဝန်ဆောင်မူ ဝယ်ယူသူ သန်း ၃၀ နီးပါးကို ဝန်ဆောင်မှုပေးလျက်ရှိကြောင်း အဆိုပါကုမ္ပဏီထံမှ သိရသည်။

J-03