News

POST TYPE

NEWS

မိတ္ထီလာစည်ပင် အမှုဆောင်အရာရှိနှင့် အင်ဂျင်နီယာနှစ်ဦးကို အဂတိလိုက်စားမှုဖြင့် အမှုဖွင့်
06-Aug-2020


မိတ္ထီလာ၊ သြဂုတ် ၆ 

မန္တလေးတိုင်း မိတ္ထီလာမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ၊ အင်ဂျင်နီယာမှူးနှင့် အငယ်တန်းအင်ဂျင်နီယာ တစ်ဦးတို့ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က စစ်ဆေးမှုများပြုလုပ်ခဲ့ပြီး သြဂုတ်လ ၆ ရက်နေ့က နယ်မြေခံရဲစခန်းတွင် အမှုဖွင့် အရေးယူခဲ့ကြောင်း စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။

မိတ္ထီလာမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အင်ဂျင်နီယာမှူး ဦးမြင့်ဝင်းသည် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ပေါက်ချောင်းနယ်မြေ (၂) နှင့်(၃) တို့အတွက် အရှည်ပေ ၃၀၀၀၊ အကျယ် ၁၆ ပေ၊ အထူ ၆ လက်မ ကွန်ကရစ်ခင်းခြင်းအတွက် တင်ဒါခေါ်ယူမှုမရှိခဲ့ကြောင်း၊ မူလဘတ်ဂျက်ငွေ ကျပ် ၉၈၁ သိန်းအနက်မှ ၉၂၄ ဖြင့်ပြုပြင်ခဲ့ပြီး ပိုငွေကျပ် ၆၇ သိန်းကျော်ကို ပြန်လည်ပေးသွင်းခြင်းမရှိသဖြင့် နိုင်ငံတော်ဘဏ္ဍာငွေ ဆုံးရှုံးမှုဖြစ်ခဲ့ကြောင်း မှုခင်းမှတ်တမ်းအရ သိရသည်။

မိတ္ထီလာမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိဖြစ်သည့် ဒုတိယညွှန်ကြားရေးမှူး ဦးခင်မောင်တင်သည် ကွန်ကရစ်လမ်းခင်းခြင်း စီမံခန့်ခွဲရာတွင် ပါဝင်သူဖြစ်ကြောင်းပေါ်ပေါက်ခဲ့သဖြင့် စုံစမ်းစစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း ယင်းမှတ်တမ်းတွင် ဖော်ပြထားသည်။

မိတ္ထီလာမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အငယ်တန်းအင်ဂျင်နီယာ-၂ ဦးမျိုးဇော်သည် ၂၀၁၈-၁၉ ဘဏ္ဍာ နှစ်တွင် Mini Budget အမှိက်ကျင်း ပြင်ဆင်ခြင်းလုပ်ငန်းတွင် မူလခွင့်ပြုငွေ ကျပ်သိန်း ၂၃၀ ကျော်မှ မြေတူးစက်ငှားရမ်းခငွေ ကျပ်သိန်း ၃၀ နှင့် Dozer ငှားခငွေ ကျပ်သိန်း ၁၂၀ စုစုပေါင်းကျပ်သိန်း ၁၅၀ ခန့်ကို ငွေလက်ခံရသူလက်မှတ်မပါရှိဘဲ အမှန်တကယ်ပေးချေခြင်းမရှိသည့် ငှားရမ်းပြေနှစ်စောင်ကို အသုံးပြု ထုတ်ယူခဲ့ပြီး Dozer ငှားခငွေ ကျပ် ၁၅ သိန်းသာပေးချေခဲ့သဖြင့် နိုင်ငံတော်ဘဏ္ဍာမှ ကျပ် ၁၃၅ သိန်း ဆုံးရှုံးနစ်နာခဲ့ကြောင်း၊ မပြည့်စုံသည့် ငှားရမ်းခပြေစာနှစ်စောင်ဖြင့် အငယ်တန်းအင်ဂျင်နီယာ -၂ ဦးမျိုးဇော်က ကျပ်သိန်း ၁၅၀ တင်ပြတောင်းခံမှုကို အမှုဆောင်အရာရှိ ဦးခင်မောင်တင်က ထုတ်ယူခွင့်ပြုခဲ့သည်ကို စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်းလည်းပါဝင်သည်။

“ခုနစ်လပိုင်းအစလောက်မှာ အတိုင်ခံရတဲ့သူကိုကော ကော်မတီဝင်တွေကော အားလုံးကိုစစ်သွားတယ်။ ပြီးခဲ့တဲ့တစ်ပတ်ကမှ နောက်တစ်ခေါက် ပြန်စစ်သေးတယ်။ အဲဒီအချိန်မှာတော့ ကျွန်တော်တို့မသိလိုက်ဘူး။ အဲဒီအချိန်မှာတော့ သက်သေတွေနဲ့ အတိုင်ခံရတဲ့သူတွေကိုစစ်သွားတယ်။ ဒီနေ့ (သြဂုတ်၆) မှာတော့ မြို့နယ်တရားရုံးမှာ တစ်ခါထဲရမန်ယူပြီးတော့ စစ်တာလို့ပြောတယ်” ဟု မြို့နယ်စည်ပင်သာယာရေးကော်မတီဝင် တစ်ဦးကပြောကြားသည်။ 

အဆိုပါအမှုများနှင့်ပတ်သက်၍ အမှုဆောင်အရာရှိနှင့် အင်ဂျင်နီယာနှစ်ဦးကို မိတ္ထီလာမြို့မရဲစခန်းတွင် (ပ) ၃၆၈/ ၂၀၂၀ (ပ) ၃၆၉/ ၂၀၂၀ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ ၊ ၅၆/၆၃ တို့ဖြင့် အမှုဖွင့်ဖမ်းဆီးထားပြီး ချုပ်ရက်ရမန်ပေးရန်နှင့် မန္တလေး ချမ်းအေးသာစံမြို့နယ် အမှတ်-၈ ရဲစခန်းတွင်ချုပ်နှောင်ထားရန် လျှောက်ထားခဲ့ကြောင်း မိတ္ထီလာမြို့နယ်တရားရုံးထံမှ စုံစမ်းသိရှိရသည်။

R-01

ဓာတ်ပုံ - ကျော်စိုးမိုး