News

POST TYPE

NEWS

ငပုတောတွင် စိုက်ပျိုးပြီးလယ်ကွင်းများသို့ တောဆင်ရိုင်းအုပ်ဝင်သဖြင့် စပါးခင်းများပျက်စီး
06-Aug-2020


ပုသိမ်၊ သြဂုတ် ၅

ဧရာဝတီတိုင်း ငပုတောမြို့နယ် ပိုးလောင်းကျေးရွာအုပ်စု ကုက္ကိုရွာရှိ စိုက်ပျိုးပြီးလယ်ကွင်းများသို့ တောဆင်ရိုင်းအုပ်ဝင်ရောက်သဖြင့် စပါးပင်များပျက်စီးဆုံးရှုံးနေကြောင်း ဒေသခံတောင်သူများ ထံမှသိရသည်။

တောဆင်ရိုင်း ၁၀ ကောင်ခန့်ပါဝင် သောအုပ်စုရွာအနီးရှိစပါးခင်းများသို့ သြဂုတ် ၂ ရက်နေ့ကစတင်ရောက်ရှိလာခဲ့ရာ သြဂုတ် လ ၅ ရက်နေ့အထိ လေးရက်တိုင်တိုင်ရှိနေပြီဖြစ်ကြောင်း၊ စပါးပင်များကို စားသောက်ခြင်းမဟုတ်ဘဲ စပါးစိုက်ခင်းအတွင်း ဝင်ရောက်သဖြင့် စပါးပင်များ ပျက်စီးရခြင်းဖြစ်ကြောင်း ဒေသခံဦးရောင်လေးက The Voice Daily သို့ ပြောကြားသည်။

"တောဆင်ရိုင်းတွေကို ဆင်မောင်းအဖွဲ့ကလာမောင်းပါတယ်။ ကျွန်တော်တို့လည်း ခြောက်လှန့်မောင်းတာပဲ။ ခဏပဲပြန်လာကြတယ်။ လယ်ကွင်းအနီးက တောစပ်တောင်ခြေနားမှာ တဝဲလည်လည်လုပ်နေတော့ ရွာသားတွေလည်း တောထဲတောင်ထဲ မှိုရှာ၊ မျှစ်ချိုး မသွားဝံ့ကြတော့ဘူး" ဟု ၎င်းကရှင်းပြသည်။

တောဆင်ရိုင်းရှစ်ကောင် တစ်အုပ်စု၊ လေးကောင် တစ်အုပ်စုစသည်ဖြင့် နေ့စဉ်ဝင်ရောက်နေခြင်းဖြစ်ပြီး ဒေသခံတောင်သူများ အန္တရာယ်မရှိစေရေးနှင့် စပါးပင်များ ပျက်စီးဆုံးရှုံးမှုမရှိစေရန် သစ်တောရဲတပ်ဖွဲ့ EERU-ဆင်ကိစ္စ အရေးပေါ်ဆောင်ရွက်ရေးအဖွဲ့၊ နယ်မြေ ရဲတပ်ဖွဲ့နှင့်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများပါဝင်သောအဖွဲ့က ကွန်ဂျီဆင် (ဆင်ယဉ်) သုံးကောင်ဖြင့် မောင်းထုတ် ပေးနေကြောင်း ပိုးလောင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

ယခုရာသီချိန်သည် တောတွင်း၌ မျှစ်နှင့်အခြားသီးနှံများပေါက်နေချိန်ဖြစ်၍ တောဆင်ရိုင်းများအတွက် အစာပေါ များချိန်ဖြစ်သောကြောင့် ရွာအနီးရှိလယ်ကွင်းများသို့ ယခင်ကရောက်လာလေ့မရှိကြောင်း၊ တောတွင်း၌ ဆင်သတ်မုဆိုးများ  ရောက်နေသည်ကို သဘာဝအရသိရှိနေသည့်အတွက် လူနေအိမ်များအနီး လယ်ကွင်းများသို့လာရောက်ကာ ဆင်သတ်မုဆိုးရန်ကို ရှောင်တတ်ကြကြောင်း EERU- ဆင်ကိစ္စ အရေးပေါ်ဆောင်ရွက်ရေးအဖွဲ့မှ တောဆင်ရိုင်းများ ကာကွယ်ထိန်းသိမ်းရေး သူရဲကောင်းဆုတံဆိပ်ရ ဦးကျော်မြင့်ထွန်းက သုံးသပ်ပြောဆိုသည်။

"အခုရွာနားကပ်တဲ့တောဆင်ရိုင်းအုပ်ထဲမှာ ရှားပါးတဲ့စွယ်စုံဆင်ကြီး တစ်ကောင်ပါနေတယ်။ ဆင်မုဆိုးတွေက စွယ်စုံဆင်တွေကို ပစ်မှတ်ထားပစ်ခတ်လေ့ရှိတာကြောင့် တောထဲမှာ ဆင်သတ်မုဆိုးတွေရှိမရှိစစ်ဆေးပြီး နယ်မြေရှင်းလင်းမှုတွေ လုပ်ဆောင်မယ်" ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

ဧရာဝတီတိုင်းအတွင်းရှိ ပုသိမ်၊ သာပေါင်း၊ ငပုတောစသည့်မြို့နယ်များရှိ တောတောင်များသည် ရခိုင်ရိုးမနှင့် တစ် ဆက်စပ်တည်းရှိနေပြီး ယင်းမြို့နယ်များရှိ သစ်တောများတွင် တောဆင်ရိုင်းများ လှည့်လည်ကျက်စားနေ၍ တောဆင်ရိုင်း  ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေး စခန်းခြောက်ခု ဖွင့်လှစ်ထားကြောင်း ဧရာဝတီတိုင်းသစ်တောဦးစီးဌာနထံမှ သိရသည်။

R-04