News

POST TYPE

NEWS

မြန်မာ့အကြီးဆုံး ဈေးဝယ်စင်တာတည်ဆောက်ရန် Shwe Taung နှင့် Aeon Mall တို့ပူးပေါင်း
06-Aug-2020


ရန်ကုန်၊ သြဂုတ် ၅

မြန်မာနိုင်ငံတွင် အကြီးဆုံးဈေးဝယ်စင်တာအဖြစ် ရင်းနှီးမြှုပ်နှံတည်ဆောက်ရန် Shwe Taung Real Estate Co., Ltd. နှင့် ဂျပန်နိုင်ငံမှ Aeon Mall Co., Ltd. တို့ အကျိုးတူပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း Shwe Taung ကုမ္ပဏီထံမှ သိရသည်။

ယင်းပူးပေါင်းဆောင်ရွက်မှုတွင် Shwe Taung က အစုရှယ်ယာ ၃၀ ရာခိုင်နှုန်း၊ Aeon Mall က အစုရှယ်ယာ ၇၀ ရာခိုင်နှုန်းပါဝင်ပြီး မြန်မာနိုင်ငံ၏ပထမဦးဆုံး Aeon Mall ကို ရန်ကုန်မြို့၊ ဒဂုံဆိပ်ကမ်းမြို့နယ်တွင် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်သည်။

မြန်မာနိုင်ငံ၏ အကြီးဆုံးဈေးဝယ်စင်တာအဖြစ် ဒဂုံဆိပ်ကမ်းမြို့နယ် ရွှေလီလမ်းနှင့် ဧရာဝဏ်လမ်းထောင့်ရှိ ၁၇ ဒသမ ၆၃၂ ဧကအပေါ်တွင် တည်ရှိမည်ဖြစ်ပြီး အထပ်ငါးထပ်ပါရှိမည်ဖြစ်ကာ စတုရန်းပေစုစုပေါင်း ၁ ဒသမ ၂ သန်းခန့် ရှိပြီး ကားပါကင် ၂၃၀ဝ ခန့်ပါရှိမည်ဖြစ်ကြောင်း၊ ၂၀၂၃ ခုနှစ်ဝန်းကျင်တွင် ဖွင့်လှစ်နိုင်ရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

"ကျွန်မတို့ရဲ့ဆိုင်ခန်းငှားရမ်းသူတွေ၊ ဈေးဝယ်သူတွေနဲ့ လူမှုပတ်ဝန်းကျင်မှာရှိတဲ့ ပြည်သူတွေကို လူနေမှုပုံစံသစ်တွေ ဖော်ဆောင်ပေးဖို့ အခုလို Aeon Mall နဲ့အတူ ပူးပေါင်းလုပ်ကိုင်နိုင်တဲ့အတွက် ဝမ်းသာမိပါတယ်" ဟု Shwe Taung Real Estate ၏ အမှုဆောင် အရာရှိချုပ်ဒေါ်စန္ဒာထွန်းက ပြောကြားသည်။

အဆိုပါ ဈေးဝယ်စင်တာတွင် ဂျပန်နိုင်ငံ၏ ကုန်အမှတ်တံဆိပ်များဖြစ်သည့် ဖျော်ဖြေရေးပစ္စည်းများ၊ ခေတ်မီလူသုံးကုန်ပစ္စည်းများ၊ ဝန်ဆောင်မှုများ ပါဝင်မည်ဖြစ်ပြီး မြန်မာနိုင်ငံရှိ ဈေးဝယ်သူများအတွက် အပန်းဖြေအနားယူနိုင်ရန် ကျယ်ဝန်းသည့် လူမှုပတ်ဝန်းကျင်တစ်ခု ဖန်တီးပေးရန် ရည်ရွယ်၍ ဖျော်ဖြေရေးနှင့် အပန်းဖြေအနားယူစရာများ ပါဝင်သည့်  ဈေးဝယ်နေရာများကိုလည်း ထည့်သွင်းဖန်တီးသွားမည်ဖြစ်ကြောင်း သိရသည်။

"Aeon Mall ရဲ့ ဂျပန်၊ တရုတ်နဲ့ အာဆီယံဒေသအတွင်းမှာ ရရှိထားတဲ့ ဈေးဝယ်စင်တာလုပ်ငန်း အတွေ့အကြုံ၊ ဗဟုသုတတွေနဲ့ စားသုံးသူတွေကို အဆင့်မြင့်ဈေးဝယ်ဇုန်တွေ၊ အပန်းဖြေဖျော်ဖြေရေးနေရာတွေနဲ့ ဒေသတွင်း လူမှုအသိုက်အဝန်းရဲ့ ပလက်ဖောင်းတစ်ခုကတစ်ဆင့် လူနေမှုပုံစံအတွေ့အကြုံသစ်တွေကို ကျွန်တော်တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုက ပေးနိုင်မယ်လို့ ယုံကြည်ပါတယ်" ဟု Aeon Mall ၏ မန်နေဂျင်းဒါရိုက်တာ Mr. Mitsugu Tamai က ပြောကြားသည်။

Aeon Mall သည် အထွေထွေ ကုန်ပစ္စည်းလက်လီလုပ်ငန်းအပါအဝင် လုပ်ငန်းကဏ္ဍ ၇ ခုကို လည်ပတ်လုပ်ဆောင်လျက်ရှိပြီး Shwe Taung Real Estate သည်  Shwe Taung Group ၏ မြို့ပြတည်ဆောက်မှုလုပ်ငန်းတစ်ခုဖြစ်သည်။        

S-07